အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဂျူဗင်တပ် အသင်းနဲ့ ဖီရန်ဗာရို့စ် အသင်းတို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ကစားသမား ဘဝမှာ သွင်းဂိုး ၇၅၀ဂိုး ပြည့်မြောက် သွားခဲ့ကြောင်း သိရှိ ရပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းနဲ့ အတူ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ အင်္ဂလန် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ကာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုရဲ့ ကစားသမား ဘဝမှာ အအောင်မြင်ဆုံး အချိန်ကတော့ စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ကစားပေးချိန်က ဖြစ်ပြီး ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်း အတွက် ၉နှစ်သာ ကစားခဲ့ပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၅၀ဂိုး အထိ သွင်းယူပေးခဲ့ကာ အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် မှာတော့ ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ဂျူဗင်တပ် အသင်းနဲ့ အတူ ၂ ရာသီခွဲ ဝန်းကျင်သာ ကစားခဲ့ရပေမယ့် သွင်းဂိုး ၇၅ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရိုနယ်ဒိုရဲ့ သွင်းဂိုးတွေိကို ရေတွက်ကြည့်မယ် ဆိုရင်တော့ စပို့တင်း လစ္စဘွန်း အသင်းအတွက် ၅ဂိုး ၊ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၁၁၈ဂိုး ၊ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ၄၅၀ဂိုး ၊ ဂျူဗင်တပ် အသင်းအတွက် ၇၅ဂိုးနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ၁၀၂ဂိုး တို့ပဲ ဖြစ်ကြပါတယ်။

 

Photo Credit: Goal

ကစားသမားဘဝမှာ သွင်းဂိုး ၇၅၀ ပြည့်မြောက်တဲ့ နောက်မှာတော့ ရိုနယ်ဒိုဟာ သူနဲ့ ကစားသမား ဘဝ တစ်လျှောက် လက်တွဲခဲ့ဖူးတဲ့ အသင်းဖော်တွေ ၊ နည်းပြတွေကို ကျေးဇူးတင်စကား ပြောကြား သွားခဲ့ပါတယ်။ သွင်းဂိုး ၇၅၀ဂိုး ပြည့်မြောက်မှုနဲ့ ပတ်သတ်ပြီး ရိုနယ်ဒိုက “၇၅၀ဂိုး ၊ ပျော်ရွှင်စရာ ကောင်းတဲ့ ဖြစ်ရပ် ၇၅၀ကြိမ် ၊ ပရိသတ်တွေရဲ့ မျက်နှာပေါ်မှာ မြင်ရတဲ့ အပြုံး ၇၅၀ခု။ ကျွန်တော့်ကို ဒီလို မှတ်တမ်းတစ်ခု ရရှိအောင် ကူညီခဲ့ကြတဲ့ ကျွန်တော့်ရဲ့ အသင်းဖော် ဖြစ်ခဲ့သူတွေနဲ့ နည်းပြတွေ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို တစ်နေ့ပြီး တစ်နေ့ ပိုမို ကြိုးစားလာအောင် တွန်းအားပေးခဲ့တဲ့ ပြိုင်ဘက် အသင်းတွေကိုလည်း ကျေးဇူး တင်ပါတယ်” လို့ သူ့ရဲ့ တွစ်တာ အကောင့် ကနေ တဆင့် ရေးသား ဖော်ပြသွားခဲ့တာပါ။