အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒို ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဂျီနိုအာ အသင်းနဲ့ ဂျူဗင်တပ် အသင်းရဲ့ ပွဲစဉ်အပြီးမှာ ဂျူဗင်တပ် အသင်းရဲ့ ကစားသမား ဘဝ ပွဲ၁၀၀ပြည့်မြောက် သွားခဲ့ပြီလို့ သိရပါတယ်။ ဂျူဗင်တပ် အသင်းက ဂျီနိုအာ အသင်းကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်း အတွက် အနိုင်ဂိုး ၂ဂိုး စလုံးကို သွင်းယူ ပေးနိုင်ခဲ့တာကြောင့် အသင်းရဲ့ သူရဲကောင်း ဖြစ်ခဲ့ရသလို ဂျူဗင်တပ် ကစားသမားဘဝ ပွဲ၁၀၀ ပြည့်မြောက်တဲ့ ပွဲစဉ်မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာ ကလည်း သူ့အတွက် အမှတ်တရ ဖြစ်စေမယ့် အရာတစ်ခုပါ။

Photo Credit: Goal

ဂျီနိုအာ အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂျူဗင်တပ် အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅၇မိနစ်မှာ ဒိုင်ဘာလာ ၊ ပွဲကစားချိန် ၇၈မိနစ်နဲ့ ၈၉မိနစ်တွေမှာ ပင်နယ်တီကနေ တဆင့် ရိုနယ်ဒိုတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဂျီနိုအာ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ဂျူဗင်တပ် အသင်းရဲ့ ကစားသမားဟောင်း စတူရာရိုက သွင်းယူ ပေးခဲ့တာပါ။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ၁၀၀ ကစားပြီးချိန် မှာတော့ စုစုပေါင်း သွင်းဂိုး ၇၉ဂိုးအထိ သွင်းယူ နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၉ကြိိမ်လည်း ပြုလုပ်ထားကာ ဂိုးပါဝင် ပတ်သတ်မှု ၉၈ဂိုးအထိ ရှိနေပါတယ်။ ဒါဟာ အသက် ၃၅နှစ်အရွယ် ကစားသမား တစ်ဦးအတွက် မယုံကြည်နိုင်စရာ ကောင်းတဲ့ မှတ်တမ်း တစ်ခု ဖြစ်ပေမယ့် ရိုနယ်ဒိုကတော့ အခုထက် ပိုပြီး ကြိုးစားဦးမှာ ဖြစ်ကာ ဂျူဗင်တပ်အသင်း အတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက်အောင် သွင်းယူပေးဖို့ ပစ်မှတ်ထားနေတယ် လို့လည်း ဆိုခဲ့ပါတယ်။

Photo Credit: Goal

ဂျူဗင်တပ်အသင်း အတွက် သွင်းဂိုး ၁၀၀ပြည့်မြောက်အောင် ပစ်မှတ်ထား ကြိုးစားသွားမယ့် အကြောင်းကို ရိုနယ်ဒိုက “ဒီနေ့ပွဲစဉ်က ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲပါ။ ဒါပေမယ့် ကျွန်တော့်အတွက် ပုဂ္ဂလ စံချိန်တစ်ခု ရခဲ့တဲ့ အတွက် ကျွန်တော် ပျော်ပါတယ်။ ဘာစီလိုနာမြို့မှာ ကျွန်တော်တို့ဟာ အရေးပါတဲ့ နိုင်ပွဲတစ်ပွဲကို ရခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ နိုင်ပွဲကြောင့်ပဲ ကျွန်တော်တို့ဟာ ယုံကြည်မှုတွေ ပြန်လည် ရရှိခဲ့ပါတယ်။ ဂျီနိုအာက ခံစစ်ကို အားပြုပြီး ကစားခဲ့တာကြောင့် လိုချင်တဲ့ ရလဒ် ရရှိဖို့ အတော်လေးကို ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဂျူဗင်တပ် ကစားသမားဘဝ ပွဲ၁၀၀မြောက်ကို အခုလို ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ခဲ့တာကြောင့် ပျော်ရွှင်ရပါတယ်။ ဂျူဗင်တပ် အသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ပြီး အခုလို စံချိန်ကောင်းကို ရရှိခဲ့တာကြောင့် ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် ကျွန်တော်က ဂျူဗင်တပ်အသင်း အတွက် ဂိုး၁၀၀ပြည့်အောင် သွင်းပေးမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။