ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၂ အာဆင်နယ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ကစားသမားဘဝမှာ သွင်းဂိုးပေါင်း ၈၀၀ ပြည့်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပေမယ့် ယခုချိန် အထိ သွင်းဂိုးတွေ အဆက်မပြတ် သွင်းယူနိုင်နေဆဲ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝကို မွေးရပ်မြေ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းနဲ့ အတူ စတင်ခဲ့ပြီး စပို့တင်းအသင်း အတွက် သွင်းဂိုး ၅ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ အောင်မြေလို့ ဆိုလို့ရမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပထမဦးဆုံး အကြိမ် ကစားပေးခဲ့ချိန်မှာ စုစုပေါင်း သွင်းဂိုး ၁၁၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး ရွှေဘောလုံးဆုကို ရရှိပြီးတဲ့နောက် ရိုနယ်ဒိုဟာ သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီ အဆိုပါအချိန်တုန်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး အသင်းအတွက် ဆယ်စုနှစ် တစု ကစားပေးခဲ့ရာ သွင်းဂိုးပေါင်း ၄၅၀ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ အသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အောင်မြင်မှု အလီလီ ရယူနိုင်ပြီးနောက် ရိုနယ်ဒိုဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အီတလီ အခြေစိုက် အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ဂျူဗင်တပ်အသင်းမှာ စုစုပေါင်း သွင်းဂိုး ၁၀၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီ အစမှာတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ အောင်မြေလို့ တင်စားခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ရိုနယ်ဒိုဟာ မိခင်နိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီအသင်း အတွက် သွင်းဂိုး ၁၁၅ဂိုး အထိ သွင်းယူပေးထားတာကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ ပထမသွင်းဂိုးဟာ ကစားသမားဘဝ သွင်းဂိုး ၈၀၀ ပြည့်မြောက်တဲ့ သွင်းဂိုး ဖြစ်ခဲ့ပြီး အနိုင်ဂိုးကတော့ သူ့ရဲ့ ကစားသမားဘဝ ၈၀၁ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။