MySport Myanmar

King Cupပြိုင်ပွဲ ကနေ ထွက်ခဲ့ရပြီးနောက် နည်းပြအဖွဲ့ဝင်တွေနဲ့ စကားများခဲ့တဲ့ ရိုနယ်ဒို

ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဦးဆောင်နေတဲ့ ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ King Cupပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အယ် ဝါဒါကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာက ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ခေါ်ယူကာ အသင်းကို အားဖြည့်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Inside Sports

ယနေ့မနက် အစောပိုင်းမှာလည်း အယ် နက်ဆာက King Cup ဆီမီးဖိုင်နယ် အဖြစ် ဆော်ဒီစူပါလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အယ် ဝါဒါနဲ့ ယှဉ်ပြိုင် ကစားခဲ့ရပေမယ့် ရိုနယ်ဒို အပါအဝင် တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် မတိကျမှု ၊ ခံစစ်ပိုင်း ပေါ့လျော့မှုတို့ကြောင့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

အယ် နက်ဆာက အယ် ဝါဒါကိုသာ အနိုင်ရခဲ့ရင် ဒီရာသီမှာ ဖလားတလုံး ရဖို့ နီးစပ်သွားမှာ ဖြစ်ပေမယ့် မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တာကြောင့် အဆိုပါရှုံးပွဲဟာ အယ် နက်ဆာ အတွက် ဆုံးရှုံးမှု ကြီးမားတဲ့ပွဲ ဖြစ်ခဲ့သလို အယ် နက်ဆာ ၀-၁ အယ် ဝါဒါ ပွဲစဉ်မှာ အယ် နက်ဆာရဲ့ အသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ အသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ စကားများခဲ့ပါတယ်။

Photo Credit: Sporting News

ထွက်ပေါ်လာတဲ့ သတင်းဓာတ်ပုံတွေအရ ရိုနယ်ဒိုက နည်းပြချုပ် မရှိတဲ့ အယ် နက်ဆာ နည်းပြအဖွဲ့ဝင်တွေရဲ့ လူစားလဲမှုတွေကို သဘောကျ နှစ်သက်ခြင်း မရှိတာကြောင့် ပွဲပြီးဆုံးချိန်မှာပဲ နည်းပြအဖွဲ့ဝင်တွေဆီ သွားကာ အော်ဟစ်မှုတွေ လုပ်ဆောင်ခဲ့ပြီး နည်းပြအဖွဲ့ဝင် တချို့ကလည်း ရိုနယ်ဒိုကို ခွန်းတုံ့ပြန် ပြောဆိုမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အယ် နက်ဆာက သူတို့အသင်းကို ဦးဆောင်နိုင်မယ့် ထိပ်သီးနည်းပြ တဦးကို ရှာဖွေနေပြီး အယ် နက်ဆာရဲ့ နည်းပြသစ် ရှာဖွေရေး အဖွဲ့ထဲမှာ ရိုနယ်ဒိုလည်း ပါဝင်နေတာကြောင့် အယ် နက်ဆာဟာ ရိုနယ်ဒိုနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ နည်းပြကိုသာ နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိနေပါတယ်။

Exit mobile version