၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီ ၃-၂ ဂါနာ ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ခုမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ စံချိန်ကောင်းကို ရခဲ့လို့ ဂုဏ်ယူမိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒို အတွက် ယခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကစားသမား ဘဝ နောက်ဆုံး ယှဉ်ပြိုင် ကစားရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်သလို သူ့အတွက် ၅ကြိမ်မြောက် အဖြစ် ပါဝင် ယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၄နှစ်မှ ၁ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲကြီး ဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင် ကစားခွင့် ရဖို့ဟာ ဘောလုံးသမားတိုင်းရဲ့ စိတ်ကူးအိမ်မက် ဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက် ကစားနိုင်တဲ့ အခွင့်အရေးဟာ အလွယ်တကူ ရနိုင်တဲ့ အခွင့်အရေးမျိုး မဟုတ်ပဲ ရိုနယ်ဒိုကတော့ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို နှစ် ၂၀ကြာ ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ၂၀၀၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ခု ဆက်တိုက် ပါဝင်ခွင့် ရခဲ့ပါတယ်။

ရိုနယ်ဒိုက သူ စတင် ကစားပေးရတဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ ယခု ကျင်းပနေဆဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ခုဆက်တိုက် ပေါ်တူဂီ အတွက် ပါဝင် ကစားပေးနိုင်ခဲ့သလို ကစားပေးခွင့် ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဘောလုံးသမိုင်းမှာ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ခုမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

တော်ရုံ ကစားသမားတွေ လိုက်မှီဖို့ မလွယ်တဲ့ စံချိန်ကောင်း တခုကို ရပြီးနောက် ရိုနယ်ဒိုက သူဟာ မတူညီတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ခုမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဦးဆုံး ဘောလုံးသမား ဖြစ်လာတဲ့ အတွက် ဂုဏ်ယူမိကြောင်း ပေါ်တူဂီ ၃-၂ ဂါနာ ပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ရိုနယ်ဒိုက – “ဂိုးသွင်းလိုက်နိုင်တဲ့ အခိုက်အတန့်ဟာ ကျွန်တော့်အတွက် အတော်လေးကို လှပတဲ့ အခိုက်အတန့် တခုပါ။ ဒါက ကျွန်တော့်ရဲ့ ၅ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ အဖွင့်ပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့သလို အုပ်စုကိုလည်း ဦးဆောင်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့နိုင်ပွဲက ကျွန်တော်တို့ အတွက် အရေးပါတဲ့ နိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာ အဖွင့်ပွဲဟာ အတော်လေးကို အရေးကြီးတယ် ဆိုတာ ကျွန်တော်တို့တွေ သိကြပါတယ်။ ပြီးတော့ ကျွန်တော်က မတူတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ခုမှာ ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရခဲ့တဲ့ အတွက် အတော်လေးကို ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး ခက်ခဲတဲ့ ပွဲတပွဲမှာ အနိုင်ရခဲ့လို့ အသင်းအတွက်လည်း ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ဒီနေ့ပွဲမှာ နိုင်ပွဲ ရခဲ့တာပါပဲ။ ကျွန်တော်တို့ အတွက် စာမျက်နှာ တခုတော့ ပြီးဆုံးသွားပြီပေါ့။ အခု ကျွန်တော်တို့က နောက်ပွဲအတွက် အာရုံစိုက်ရပါတော့မယ်” လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။