MySport Myanmar

အသက် ၃၈နှစ်မှာ ဟာလန်းကို ကျော်ပြီး ဂိုးသွင်းအများဆုံးလူ ဖြစ်ခဲ့လို့ ဂုဏ်ယူနေတဲ့ ရိုနယ်ဒို

ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက သူဟာ ဟာလန်း ၊ အမ်ဘာပေတို့လို တက်သစ်စ ကြယ်ပွင့် တိုက်စစ်မှူးတွေကို ကျော်ဖြတ်ကာ ၂၀၂၃ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့လို့ ဂုဏ်ယူမိကြောင်း Globe Soccer Award ဆုပေးပွဲမှာ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရိုနယ်ဒိုက ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေပေမယ့် သူ့ရဲ့ ပုံရိပ်နဲ့ ခြေစွမ်းကောင်းတွေကြောင့် အယ် နက်ဆာမှာ ၁နှစ် လုပ်ခလစာ ယူရို ၂၀၀သန်း အထိ ရရှိနေပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုက ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး ဘောလုံးသမား အဖြစ် မှတ်တမ်းဝင်နေသလို သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ အယ် နက်ဆာကို အကျိုးပြုနေဆဲ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အတွင်းမှာ အယ် နက်ဆာနဲ့ ပေါ်တူဂီ အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ရိုနယ်ဒိုက ၂၀၂၃ခုနှစ် အတွင်းမှာ ပြိုင်ပွဲစုံ ၅၄ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ဟယ်ရီကိန်း (၅၂ဂိုး) ၊  အမ်ဘာပေ (၅၂ဂိုး) နဲ့ ဟာလန်း (၅၀ဂိုး) စတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို ကျော်ဖြတ်ကာ ၂၀၂၃ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ စံချိန်မှတ်တမ်းကို သိမ်းပိုက် ရရှိခဲ့ပါတယ်။

Photo Credit: Standard

အဲ့ဒီစံချိန်ကြောင့်ပဲ ရိုနယ်ဒိုက Globe Soccer Award ဆုပေးပွဲမှာ တနှစ်တာ ဂိုးသွင်းအများဆုံး ကစားသမားဆုကို သိမ်းပိုက် ရယူနိုင်ခဲ့ပြီး ရိုနယ်ဒိုကတော့ သူ့ရဲ့ အသက်အရွယ်မှာ ဟာလန်းလို တက်သစ်စကြယ်ပွင့်ကို ကျော်ဖြတ်ကာ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရခဲ့တဲ့ အတွက် ဂုဏ်ယူမိကြောင်း ပြောလာပါတယ်။

ရိုနယ်ဒိုက – “ကျွန်တော်က ဒီနှစ်ရဲ့ အကောင်းဆုံး ဂိုးသွင်းသူပါ။ ဟာလန်းလို ငယ်ရွယ်ပြီး တက်ကြွနေတဲ့ သားရဲတွေကို အနိုင်ယူရတဲ့ ခံစားချက်ကို တွေးကြည့်စမ်းပါ။ ကျွန်တော်က အဲ့ဒီလို လုပ်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ပြီးတော့ မကြာခင် ကျွန်တော်က အသက် ၃၉နှစ်လည်း ပြည့်တော့မယ်လေ။ လူတွေက ကျွန်တော့်ကို သံသယဝင်တဲ့ အချိန် ကျွန်တော်က အောင်မြင်အောင် လုပ်ပြရတာမျိုးကို သဘောကျပါတယ်။ ကျွန်တော်က ဝေဖန်သံတွေကြောင့် ပြိုလဲသွားမယ့်သူ မဟုတ်ဘူး” လို့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောကြားသွားခဲ့တာပါ။

Exit mobile version