တစ်ချိန်က သူ့ရဲ့ ညာခြေတစ်ချောင်းဟာ ပေါင်၁ဝဝသန််း တန်တယ် လို့ တင်စားခံခဲ့ရတဲ့ ဘရာဇီးလ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး တစ်ဦးဖြစ်တဲ့ ရိုနယ်ဒို ကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ ပီရူးအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူကာ သူ့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်မှူးနေမာကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဖြစ်တဲ့ ရိုနယ်ဒိုဟာ ယခင်က ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ယမန်နေ့မှာ ကစားခဲ့တဲ့ ပီရူးအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ပွဲစဉ် အပြီးမှာ တတိယ နေရာကို ဆင်းပေးခဲ့ရပါတယ်။

Photo Credit: Express

ဘရာဇီးလ်အသင်းက ပီရူးအသင်းကို အဝေးကွင်းမှာ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီးလ် အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ နေမာဟာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သလို သူ့ရဲ့ ဘရာဇီးလ် အသင်းအတွက် သွင်းယူပေးခဲ့တဲ့ဂိုးဟာ ၆၄ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဒါ့ကြောင့် နေမာဟာ ဘရာဇီးလ်အသင်း အတွက် ၆၂ဂိုးသာ သွင်းယူပေးထားခဲ့တဲ့ ရိုနယ်ဒိုကို ကျော်ဖြတ်ကာ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ ဒုတိယ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ကတော့ ပီလီဖြစ်ပြီး ပီလီဟာ ဘရာဇီးလ်အသင်း အတွက် ၇၇ဂိုးအထိ သွင်းယူ ပေးခဲ့သူပါ။

Photo Credit: Express

ပီရူးအသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ နေမာကို လူမှုကွန်ယက် ကနေ တဆင့် ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။ ရိုနယ်ဒိုက “ မင်းကို အရမ်း လေးစားပါတယ် နေမာ…။ မင်က ပွဲတွေ အများကြီး ကစားပေးခဲ့တယ်။ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ခဲ့တယ်။ လိမ်ခေါက်ဖြတ်ကျော်မှုတွေလည်း ပြုလုပ်နိုင်တယ်။ မင်းအတွက် ကောင်းကင်ဆိုတာကသာ အကန့်အသတ်ပါ။ အမြင့်ဆုံးကို ပျံသန်းလိုက်ပါ ကလေး…။ မင်းက အရမ်းကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားနေတဲ့သူပဲ။ တကယ့်ကို ပြီးပြည့်စုံပြီး ရင့်ကျက်တဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်တယ်။ ကွင်းပြင်ပက ကိစ္စတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ရတာက တစ်ခါတလေ ဘောလုံးကန််ရတာ ထက်တောင် ပိုပြီး စိန်ခေါ်မှု များပါသေးတယ်။ ကဲ အခု ငါ့ကို ပြော…။ ငါတို့ ဘယ်နေရာက လာခဲ့တာလဲ။ ငါတို့တွေ ဘယ်အထိ ရောက်ခဲ့ကြလဲ။ မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို ဘယ်သူတွေက ပြောနိုင်ဦးမှာလဲ။ မင်းကိုယ်မင်း ယုံကြည်ထားပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းရဲ့ ပါရမီကို ဘယ်သူမှ မင်းဆီကနေ မလုယူနိုင်လို့ပဲ။ မင်း ဖြတ်ကျော်ရမယ့် စံချိန်တွေ ၊ မင်းချန်ခဲ့ရမယ့် စံချိန်တွေ အများကြီး ရှိပါသေးတယ်။ မင်းကို ထိပ်ဆုံးမှာ မြင်နေရတဲ့အတွက် ဘရာဇီးလ်သား တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ် “ ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။