ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတို့မှာ ကစားခဲ့ဖူးကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ဖူးတဲ့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒို နာဇာရီယို ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ်ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ ရရှိသင့်ကြောင်း ထောက်ခံစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာဟာ ခရစ္စတီယာနို ရိုနယ်ဒို ထွက်ခွာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ခဲ့ရသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ ယခုနှစ် ဘောလုံးရာသီတို့မှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၆ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၄၀ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါ့အပြင် ဘန်ဇီမာဟာ ပြင်သစ်အသင်း အတွက် ပြန်လည် ရွေးချယ်ခံရပြီးနောက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမား တဦး ဖြစ်ပြီး ပြင်သစ်အသင်းကို နေးရှင်းလိဂ်ဖလား ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားလို့ ဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့်ပဲ ဘန်ဇီမာဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုရဲ့ စကာတင် ကစားသမား ၃၀ဦးစာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပြီး တချိန်က ရွှေဘောလုံးဆုကို ရရှိဖူးတဲ့ ရော်နယ်ဒို ကတော့ ဘန်ဇီမာဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Photo Credit: Marca

ဘန်ဇီမာ တယောက် ရွှေဘောလုံးဆုအား ရသင့်တဲ့ အကြောင်းကို ရော်နယ်ဒိုက – “ ကျွန်တော့်အတွက် ရွှေဘောလုံးဆုကို ရသင့်တဲ့ ကစားသမားက ဘန်ဇီမာပါပဲ။ သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။ ပြီးခဲ့တဲ့ ၁၀နှစ် အတွင်းမှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်က အမြင့်ဆုံးမှာ ရှိခဲ့ပါတယ်။ ဒါကြောင့် သူက လူတိုင်းထက် သာတဲ့ ချန်ပီယံတယောက်ပါ။ ဒီတော့ ရွှေဘောလုံးဆုက သူနဲ့ ခြွင်းချက်မရှိ ထိုက်တန်ပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။