ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့ရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုတို့ကို အလဲအထပ် လုပ်ဖို့ စိတ်ဝင်စားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဝါရင့် ဂျာမန်လူမျိုး နည်းပြဖြစ်သူ ရက်ဖ် ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြသစ် တဦးကို ခန့်အပ်ဖို့ စီစဉ်ထားပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက မန်ယူဘုတ်အဖွဲ့ရဲ့ စိတ်ကြိုက် နည်းပြတဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ နည်းပြသစ်နေရာ အတွက် အေဂျက်နည်းပြ တန်ဟက်ဂ် ၊ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ လက်စတာနည်းပြ ရော်ဂျာတို့ကို ခန့်အပ်ဖို့ ပစ်မှတ်ထား ကြိုးစားနေပြီး တဖက်မှာတော့ ပီအက်စ်ဂျီကလည်း ရာသီကုန်မှာ ပိုချက်တီနိုကို နည်းပြရာထူး ကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နှစ်သင်းကြားမှာ သဘောတူညီမှု ရယူကာ ပိုချက်တီနိုနဲ့ ရိုနယ်ဒိုတို့ကို အလဲအထပ် လုပ်ချင်နေကြောင်း သိရပါတယ်။

Photo Credit: Express

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် တကျော့ပြန် ခရီးမှာ ပြိုင်ပွဲစုံ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး သွင်းယူပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးထားသူပါ။

လက်ရှိမှာတော့ ရိုနယ်ဒိုကလည်း မန်ချက်စတာ ယူနိုက်တက်မှာ ပျော်ရွှင်ခြင်း မရှိတာကြောင့် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းထောက်တွေက ဆိုကြပြီး ပိုချက်တီနိုနဲ့ ရိုနယ်ဒိုတို့ကို အလဲအထပ် လုပ်မယ့် အစီအစဉ် ဖြစ်လာမလား ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။