ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှား ကတော့ အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ဘယ်နေရာမှာ အဓိကထား သုံးစွဲသွားမလဲ ဆိုတာကို ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားရင်း သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိ နွေဈေးကွက်မှာတော့ ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်း ဝန်းကျင်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Daily Mail

ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝကို တောင်ပံကစားသမား တဦး အဖြစ် စတင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စတင် တောက်ပတဲ့ အချိန်မှာတော့ တောင်ပံတိုက်စစ် ကစားသမား အဖြစ် ကစားခဲ့ပြီး အသက်၃၀အရွယ်ကို ရောက်ရှိလာချိန်မှာတော့ တိုက်စစ်မှူး တဦး အဖြစ် ပြောင်းလဲ ကစားခဲ့သူပါ။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ရိုနယ်ဒိုကို ဘယ်တောင်ပံတိုက်စစ် ၊ အထောင်တိုက်စစ် နေရာတွေမှာ ကစားခိုင်းလို့ ရပေမယ့် ဆိုးလ်ရှားကတော့ သူဟာ ရိုနယ်ဒိုကို တိုက်စစ်မှူး တဦး အဖြစ်သာ ရှုမြင်တာကြောင့် အထောင် တိုက်စစ်မှူး အဖြစ်သာ သုံးစွဲသွားမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Photo Credit: Daily Mail

ရိုနယ်ဒိုကို ကစားခိုင်းမယ့် နေရာနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက – “ရိုနယ်ဒိုက ကစားသမား တဦးအနေနဲ့ ဆင့်ကဲ တိုးတက်လာသူပါ။ သူက ညာတောင်ပံ ၊ ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေမှာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ သူဟာ အခုချိန်မှာ အထောင်တိုက်စစ် ကစားသမားပါ။ တခါတလေ ကျွန်တော်တို့က ရှေ့တန်းမှာ တိုက်စစ်မှူး ၂ဦး ၊ တိုက်စစ်မှူး ၃ဦး စသဖြင့် ကစားသွားဖို့ ရှိပါတယ်။ ကျွန်တော်က သူ့ကို ဂိုးဧရိယာထဲမှာ နေပြီး သွင်းဂိုးတွေ သွင်းယူစေချင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဂရုစိုက်တဲ့ လူတွေ အားလုံးက အဲ့ဒီလို မြင်ကွင်းမျိုးကို မြင်ချင်ကြမှာ အသေအချာပါပဲ” လို့ အသိပေး ပြောကြားခဲ့တာပါ။