ဘာစီလိုနာအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း ၊ အေစီမီလန်အသင်းနဲ့ အင်တာမီလန်အသင်းတို့မှာ ကစားရင်း ပြိုင်ဘက် ခံစစ်မှူးတွေ အားလုံးကို ဖိန့်ဖိန့်တုန် ကြောက်ရွံ့စေခဲ့ဖူးတဲ့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ရော်နယ်ဒို ကတော့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေဟာ သူနဲ့ ကစားပုံ အတူဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ၂ကြိမ်တိုင်တိုင် ရရှိခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၂ကြိမ် ရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ဒူးဒဏ်ရာကြောင့် ကစားသမားဘဝ ကနေ စောစောစီးစီး အနားယူခဲ့ရပေမယ့် ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူး ၅ဦးထဲက တဦး အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: Ace Football

ဒါ့အပြင် သူ့ခေတ် သူ့အခါက ရော်နယ်ဒိုနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ဖို့ ကြောက်ရွံ့ကြတဲ့ ထိပ်တန်း နောက်ခံလူ များစွာ ရှိနေပြီး ပြင်သစ် ဂန္တဝင် နောက်ခံလူကြီး သူရမ်ကလည်း ရော်နယ်ဒိုဟာ နောက်ခံလူတွေ အတွက် အိမ်မက်ဆိုးတွေ ဖန်တီးပေးနိုင်တဲ့ တဦးထဲသော တိုက်စစ်မှူး ဖြစ်ကြောင်း ပြောကြားဖူးပါတယ်။

ဒါကြောင့်လည်း ရော်နယ်ဒိုလိုမျိုး တဦးချင်း တိုးအား ၊ ရုန်းအား ကောင်းသလို သွင်းဂိုးတွေကိုလည်း အလွယ်တကူ သွင်းယူနိုင်တဲ့ တိုက်စစ်မှူးမျိုး နောက်ထပ်တကြိမ် ထပ်မတွေ့ရတော့ဘူးလို့ ဘောလုံးရေးရာ သုံးသပ်သူတွေက ပြောကြားထားကြပေမယ့် ရော်နယ်ဒိုကတော့ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားကို ရရှိထားတဲ့ အမ်ဘာပေဟာ သူ့ရဲ့ ခြေရာကို နင်းနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Ace Football

ရော်နယ်ဒိုက – “တကယ်လို့ ကျွန်တော်ကသာ ကစားသမား တဦးကို ခေါ်ယူခွင့် ရှိမယ် ဆိုရင် အမ်ဘာပေကိုပဲ ခေါ်ယူသွားမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော်နဲ့ ကစားပုံ အတူဆုံး ကစားသမား ဖြစ်သလို ကျွန်တော့်ရဲ့ အကောင်းဆုံး အချိန်တွေမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။