အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ လတ်တလောမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေ အားလုံးဟာ ကောလဟာလတွေသာ ဖြစ်ကြောင်း ပြန်လည် ဖြေရှင်း သွားပါတယ်။

အသက် ၃၆နှစ် အရွယ် ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းနိုင်တယ်လို့ ထင်ကြေးပေးခံထားရပြီး ယမန်နေ့မှာဆိုရင်တော့ သူဟာ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ ၊ မန်စီးတီး စတဲ့ အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Fot Mob

လက်ရှိမှာတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ အားလုံးဟာ မှားယွင်းနေကြောင်းနဲ့ သူဟာ သူ့အလုပ်ကိုပဲ အကောင်းဆုံး ကြိုးစားနေကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့်တွေ ကနေ တဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ရိုနယ်ဒိုက – “ကျွန်တော့်ရဲ့ အကြောင်းကို သိတဲ့ လူတွေက ကျွန်တော်ဟာ ဘယ်လောက်အထိ အလုပ်အပေါ် အာရုံစိုက်လည်း ဆိုတာ သိကြပါတယ်။ စကားနည်းနည်း ပြောပြီး အလုပ်များများ လုပ်ဖို့ ဆိုတာ ကျွန်တော့်ရဲ့ ကစားသမား ဘဝ အစထဲက ကျင့်သုံးလာတဲ့ လမ်းစဉ်တခုပါ။ ဒါပေမယ့် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေကိုတော့ ကျွန်တော် ကိုယ်တိုင် ဖြေရှင်းဖို့ လိုလာပြီလို့ ယူဆမိပါတယ်။

အခု ပျံ့နှံ့နေတဲ့ သတင်းတွေက ကျွန်တော့်ကို လူပုဂ္ဂိုလ်တယောက် အနေနဲ့ရော ကစားသမား တဦးအနေနဲ့ပါ လေးစားမှု ကင်းမဲ့နေသလို သက်ဆိုင်ရာ အသင်းတွေ ၊ ကစားသမားတွေကိုလည်း မလေးစားရာ ကျပါတယ်။ ကျွန်တော့်ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သက်ဆိုင်တဲ့ သမိုင်းကြောင်းက မှတ်တမ်းတင်ပြီးသားပါ။ စကားလုံးတွေ ၊ ကိန်းဂဏန်းတွေ ၊ ဆုဖလားတွေ ၊ ဆုတံဆိပ်တွေ အရာအားလုံးပေါ့။ အဲ့ဒါတွေ အားလုံးကို ဘာနေဗျူးကွင်းမှာ ရှိတဲ့ ဆုဖလားခန်းနဲ့ ပရိသတ်တွေရဲ့ စိတ်ထဲမှာ မှတ်တမ်းတင်ပြီးသားပါ။

Photo Credit: Fot Mob

အဲ့ဒါတွေအပြင် ရီးရဲလ်မက်ဒရစ်အသင်းမှာ ကျွန်တော် ကစားခဲ့တဲ့ ၉နှစ်အတွင်း ကျွန်တော်ဟာ အသင်းအပေါ် လေးစားမှု အပြည့် ရှိပြီး သံယောဇဉ်လည်း နက်နက်ရှိုင်းရှိုင်းကို တွယ်မိခဲ့ပါတယ်။ အသင်းရဲ့ အောင်မြင်မှုတွေနဲ့ ပတ်သတ်ပြီးလည်း အခုထက်ထိ ပျော်ရွှင်နေရဆဲပါ။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အမာခံ ပရိသတ်တွေက ကျွန်တော့်ကို သူတို့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း အမှတ်ရနေမယ် ဆိုတာကိုလည်း သိပါတယ်။

အခုချိန်မှာတော့ စပိန်သတင်းဌာန အများစုရဲ့ စာမျက်နှာတွေပေါ်မှာ ကျွန်တော့်ဟာ မြောက်မြားစွာသော အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးတော့ ဘယ်သူကမှလည်း ဘယ်အရာက အမှန်တရားလဲ ဆိုတာ ရှာဖွေဖို့ စိတ်ကူးမရှိကြပါဘူး။ ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး နာမည်ကြီးဖို့ ကြိုးစားနေတာတွေကို တားဆီးဖို့ အခုလို ထုတ်ပြောရတာပါ။ ကျွန်တော်က ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေ ၊ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သတ်ပြီး အလုပ်ကို အာရုံစိုက်ပြီး ကြိုးစားနေပါတယ်။ အခု ထွက်ပေါ်နေတဲ့ သတင်းတွေ အားလုံးက သွားပုတ်လေလွင့် ပြောတာတွေချည်းပါပဲ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။