တစ်ချိန်က ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားရင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒို ကတော့ သူ့ရဲ့ ဘောလုံးကွင်းပြင်ပ စီးပွားရေး လုပ်ငန်းအဖြစ် သူ နေထိုင်ခဲ့ဖူးတဲ့ မန်ချက်စတာမြို့မှာ ကြယ်လေးပွင့် အထက် အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုကို ဖွင့်လှစ်နိုင်တော့မယ် လို့ သိရှိ ရပါတယ်။ လက်ရှိမှာ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းမှာ ကစားနေတဲ့ ရိုနယ်ဒိုဟာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်နေဆဲ ဖြစ်သလို ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့ လုပ်ခလစာ အများဆုံး ဘောလုံးသမား စာရင်းမှာ ထိပ်ဆုံး ၃ဦးစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ဘောလုံးကွင်း ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ တစ်ဦးပါ။

Photo Credit: Sport Bible

ရိုနယ်ဒိုဟာ CR-7 ဆိုတဲ့ အမှတ်တံဆိပ်နဲ့ အမျိုးသား အတွင်းခံတွေ ၊ ရေမွှေးတွေ ထုတ်လုပ်သလို သူ ကျင်လည်ခဲ့ဖူးတဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာလည်း ပုဂ္ဂလိက ဆေးရုံတစ်ရုံကို မကြာမီကမှ ဖွင့်လှစ်ခဲ့ ပါသေးတယ်။ Building.com.uk ရဲ့ ဖော်ပြချက် အရတော့ ရိုနယ်ဒိုဟာ မန်ချက်စတာ မြို့လယ်ခေါင်မှာ ကြယ်လေးပွင့် အထက် ဟိုတယ်တစ်လုံး ဖွင့်လှစ်ဖို့ အာဏာပိုင်တွေဆီမှ ခွင့်ပြုချက် ရရှိခဲ့ပြီ ဖြစ်ကာ ဘယ်အချိန်မှာ ဖွင့်လှစ်နိုင်မလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။ ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေ ကတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ CR-7 အမှတ်တံဆိပ်နဲ့ ဟိုတယ်တွေ တည်ဆောက် သွားဖို့ ရှိကြောင်း ဖော်ပြ ထားပါတယ်။

Photo Credit: Sport Bible

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ရိုနယ်ဒိုဟာ မန်ချက်စတာမြို့ ၊ သူ့ရဲ့ မွေးရပ်မြေမြို့ ဖြစ်တဲ့ မန်ဒိုင်ရာမြို့နဲ့ လူငယ် ကစားသမားဘဝက နေထိုင်ခဲ့ဖူးတဲ့ လစ္စဘွန်းမြို့တို့မှာ ဟိုတယ်တွေကို ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေ ကတော့ မန်ချက်စတာမြို့မှာ ဖွင့်လှစ်မယ့် ရိုနယ်ဒိုရဲ့ ဟိုတယ်မှာ အခန်းပေါင်း ၁၅၀ အထိ ပါဝင်မယ် လို့ ဆိုထားကြပါတယ်။ တချို့ သတင်းဌာနတွေ မှာတော့ ရိုနယ်ဒို တစ်ယောက် ယခုလို မန်ချက်စတာမြို့မှာ ကြယ်လေးပွင့် အထက် အဆင့်ရှိတဲ့ ဟိုတယ်တစ်လုံး လာဖွင့်ခဲ့တာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လိုတဲ့ ဆန္ဒကို ထုတ်ဖော် ပြသနေတာ ဖြစ်ကြောင်း ရေးသား ထားကြပြီး အဆိုပါ သတင်းတွေဟာ ကောလဟာလ အဆင့်မှာပဲ ရှိပါသေးတယ်။