ဆော်ဒီထိပ်သီးကလပ် အယ် နက်ဆာရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ Lie Detector (အလိမ်ဖော်စက်)နဲ့ အမေး ၊ အဖြေ လုပ်ခဲ့ရာ သူ ရထားတဲ့ ချန်ပီယံလိဂ် ဆုဖလား ၅လုံးနဲ့ ကမ္ဘာ့ဖလား ၁လုံးတို့ကို အလဲအထပ် လုပ်ဖို့ စိတ်ကူးမရှိကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ဘောလုံးသမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို သူက မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် စတဲ့ အသင်းတွေနဲ့ အောင်မြင်မှုပေါင်း များစွာ ဆွတ်ခူးထားနိုင်သူပါ။

Photo Credit: Inside Sports

ရိုနယ်ဒိုက သူ့ရဲ့ ကလပ်တွေနဲ့ ချန်ပီယံလိဂ်ဆုဖလား ၅ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၃လုံး အထိ ဆွတ်ခူးနိုင်ခဲ့သလို မိခင်နိုင်ငံဖြစ်တဲ့ ပေါ်တူဂီအတွက်လည်း ယူရိုဖလား ၁ကြိမ်နဲ့ နေးရှင်းလိဂ်ဖလား ၁ကြိမ်တို့ကို ရယူပေးထားပါတယ်။

ရိုနယ်ဒိုက ပေါ်တူဂီနဲ့အတူ ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို အရယူနိုင်ခဲ့ပေမယ့် ပေါ်တူဂီသားတိုင်းရဲ့ တောင့်တမှု ဖြစ်တဲ့ ကမ္ဘာ့ဖလားကိုတော့ မယူပေးနိုင်သေးပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ Lie Detectorစက် ပါဝင်တဲ့ အင်တာဗျူးမှာ သတင်းထောက်က ရိုနယ်ဒိုကို သူ ရထားတဲ့ ချန်ပီယံလိဂ်ဆုဖလား ၅လုံးနဲ့ ကမ္ဘာ့ဖလား ၁လုံးကို လဲခွင့် ရမယ် ဆိုရင် လဲမလားလို့ မေးခဲ့တာ ဖြစ်ကာ ရိုနယ်ဒိုကတော့ သတင်းထောက်ရဲ့ အမေးကို “No” ဆိုပြီး ပြတ်ပြတ်သားသား ပြန်ဖြေခဲ့ပါတယ်။

သတင်းထောက်က ရိုနယ်ဒိုရဲ့ အဖြေကို ကြားပြီးနောက် ရိုနယ်ဒို တယောက် အမှန်အတိုင်း ဖြေတာလား ၊ လိမ်ညာခဲ့တာလား ဆိုတာကို Lie Detectorစက်မှာ စစ်ကြည့်တဲ့အခါ ရိုနယ်ဒိုက အမှန်အတိုင်း ဖြေခဲ့တာကို သိရှိခဲ့ရပါတယ်။