မကြာသေးမီကမှ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယနေ့မနက် အစောပိုင်းမှာပဲ ဆော်ဒီကလပ် အယ် နက်ဆာထံ ၂နှစ်စာချုပ်နဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပါတယ်။

မကြာခင်မှာ အသက် ၃၈နှစ် ပြည့်တော့မယ့် ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာပြီးနောက် ဥရောပ ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် ဥရောပ ထိပ်သီးအသင်းတွေက သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာကို မပေးချေနိုင်တာကြောင့် ရိုနယ်ဒိုက သူ့ကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့တဲ့ အယ် နက်ဆာဆီပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: CNN

ဆော်ဒီနာမည်ကြီးကလပ် အယ် နက်ဆာကတော့ ရိုနယ်ဒိုကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာ ဖြစ်တဲ့ တနှစ် လစာ ယူရို ၂၀၀သန်းနဲ့ ၂နှစ် စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုကလည်း သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်မှာ ဝင်ငွေ မြိုးမြိုးမြက်မြက် ရမယ့် စာချုပ်ကို လက်ခံသွားခဲ့ပါတယ်။

အယ် နက်ဆာနဲ့ စာချုပ် ချုပ်ဆိုအပြီးမှာတော့ ရိုနယ်ဒိုက သူဟာ မကစားဖူးတဲ့ လိဂ်အသစ် တခုမှာ ကစားချင်ခဲ့သလို အယ် နက်ဆာရဲ့ ကောင်းမွန်တဲ့ စီမံကိန်းတွေကြောင့် အယ် နက်ဆာဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါလို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: CNN

ရိုနယ်ဒိုက – “ကျွန်တော်က မတူညီတဲ့ လိဂ်အသစ် တခုမှာ ၊ မတူညီတဲ့ နိုင်ငံတခုမှာ ကစားခွင့် ရတော့မယ့် အကြောင်းကို တွေးရင်း ပျော်နေပါတယ်။ အယ် နက်ဆာမှာ ရှိနေတဲ့ စီမံကိန်းက အရမ်းကို ကောင်းပါတယ်။ ကျွန်တော်က အသင်းဖော်သစ်တွေနဲ့ ပူးပေါင်းခွင့် ရဖို့ စိတ်လှုပ်ရှားနေသလို အသင်းကိုလည်း ပိုမို များပြားတဲ့ အောင်မြင်မှုတွေ ရယူနိုင်အောင် ကူညီပေးသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။