အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ သူတို့အသင်းရဲ့ ဝါရင့် ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာတို့ကို အလဲအထပ် လုပ်ဖို့ ဆန္ဒရှိနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ဂျူဗင်တပ် အသင်းဟာ သူတို့အသင်းရဲ့ အသက် ၃၅နှစ် အရွယ် တိုက်စစ်မှူး ရိုနယ်ဒိုကို ၂၀၂၂ ခုနှစ် အထိ စာချုပ်သက်တမ်း ချုပ်ဆိုထားတဲ့ အသင်းဖြစ်ပြီး အဆိုပါ စာချုပ် အရ ရိုနယ်ဒိုဟာ လာမယ့် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဂျူဗင်တပ် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ရှိနေပါတယ်။

Photo Credit: SPORT

ဒါပေမယ့် ဂျူဗင်တပ်အသင်း ကတော့ ရိုနယ်ဒိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရမီ ရောင်းထုတ်ဖို့ စဉ်းစားနေပြီး လက်ရှိ ဘောလုံးရာသီမှာသာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခြင်း မရှိပါက ရိုနယ်ဒိုကို ကျိန်းသေပေါက် ရောင်းထုတ်သွားတော့မှာ ဖြစ်ကြောင်း တူရင်မြို့ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြခဲ့ကြပါတယ်။ အီတလီ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Tutto Sports သတင်းဌာန ရဲ့ အဆိုအရတော့ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာနဲ့ အလဲအထပ် လုပ်ချင်နေပြီး နေမာအတွက် ရိုနယ်ဒို + ပြောင်းရွှေ့ကြေး ယူရို၇၀ သန်းခန့် ပေးချေဖို့ စဉ်းစားထားကြောင်း သိရှိ ရပါတယ်။

Photo Credit: SPORT

တစ်ဖက်မှာလည်း နေမာဟာ ရိုနယ်ဒိုနည်းတူ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ ခုနှစ် အထိသာ စာချုပ် သက်တမ်း ကျန်ရှိတော့သူ ဖြစ်ပြီး လက်ရှိမှာ ပီအက်စ်ဂျီ အသင်းဟာ နေမာကို စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင် နေပေမယ့် စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ နေမာဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖွယ် မရှိတော့ပဲ လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း သိထားရပါတယ်။ ဒါ့အပြင် စပိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ SPORT သတင်းဌာနရဲ့ အဆိုအရ ပီအက်စ်ဂျီ အသင်းဟာ နေမာကို စာချုပ်သက်တမ်း မတိုးနိုင်ပါက အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေရန် လာမယ့် နွေဈေးကွက် အတွင်းမှာ နေမာကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ရောင်းချနိုင်ကြောင်း သိထားရပြီး အဆိုပါ သတင်းသာ အထိုက်အလျောက် မှန်ကန်မှု ရှိမယ် ဆိုရင် ဂျူဗင်တပ်အသင်းဟာ နေမာကို ရိုနယ်ဒို + ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းခန့်နဲ့ ဝယ်ယူနိုင်ချေ ရှိနေပါတယ်။