အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ် အသင်း ကနေ ထွက်ခွာဖို့ ရှိပေမယ့် ကနဦးမှာ သတင်းတွေ ထွက်နေသလို သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း သိရပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ လက်ရှိမှာ ဂျူဗင်တပ် အသင်းရဲ့ အဓိက ဂိုးသွင်းစက် တစ်ဦး ဖြစ်နေပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် ကျပ်တည်းလာတဲ့ ဘဏ္ဏာရေး အခက်အခဲကို ဖြေရှင်းဖို့ အတွက် ဂျူဗင်တပ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒိုကို အသင်းကနေ ရောင်းချဖို့ စဉ်းစား နေတာပါ။

Photo Credit: Express

ကနဦးမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူချင်နေပြီး ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်နဲ့တောင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရှိ ထားရပါတယ်။ ဒါ့အပြင် ရိုနယ်ဒိုဟာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်ရိုက် ဆက်သွယ်မှုကို ရရှိထားကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့ ညနေပိုင်းမှာတော့ ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ ရှိပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်လည် ပြောင်းရွှေ့မှာ မဟုတ်ကြောင်း သိရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ Fabrizio Romano ကလည်း ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ အတွက် စိတ်ကူး မရှိကြောင်းနဲ့ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းထံသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေကြောင်း ဆိုသွားခဲ့ပါတယ်။ ဥရောပ ချန်ပီယံလိဂ်ဖလား ကို အရယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ ပီအက်စ်ဂျီ အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ရိုနယ်ဒိုကို ခေါ်ယူကာ သူတို့အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ချင် နေသလို ရိုနယ်ဒိုရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်တဲ့ အမ်ဘာပေနဲ့ နေမာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရိုနယ်ဒိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကျိန်းသေပေါက် ကြိုးစားသွားမယ်လို့ သိထား ရပါတယ်။