အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ ဝါရင့် ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဆီက ကမ်းလှမ်းမှုကို ရရှိထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ ညာတောင်ပံ ကစားသမား တဦး ၊ ကွင်းလယ်လူ တဦး ၊ ဗဟိုနောက်ခံလူ တဦးနဲ့ တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ လျာထားပြီး လက်ရှိမှာ ညာတောင်ပံနေရာ အတွက် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာကြောင့် ကျန်တဲ့ သုံးနေရာ အတွက် ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အသင့်သုံး တိုက်စစ်မှူး တဦးကို လိုချင်နေသလို တိုက်စစ်မှူး ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး အနည်းငယ်သာ သုံးစွဲလိုတာကြောင့် ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ်တဦး ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုဟာ အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားကာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်နေသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားနေပြီး ရိုနယ်ဒိုကလည်း သူနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ အယ်လီဂရီနီ တယောက် ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာချိန်မှာ အသင်းပြောင်းဖို့ စဉ်းစားနေကာ ယခုတပတ် အတွင်းမှာပဲ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်ဟာ ဂျူဗင်တပ် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဂျူဗင်တပ်အသင်းနဲ့ မဆွေးနွေးမီ ရိုနယ်ဒိုကို ချဉ်းကပ်မှုတွေ ပြုလုပ်နေကာ ရိုနယ်ဒို အနေနဲ့ သူတို့အသင်းထံ လာရောက် ကစားလိုပါက ဂျူဗင်တပ်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာရဲ့ တဝက်ကိုသာ ယူရမှာ ဖြစ်ကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ တနှစ်လုပ်ခ ယူရို ၃၁သန်း အထိ ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။