MySport Myanmar

El Clasico မှာ အဆုံးအဖြတ် ပေးနိုင်မယ့် ကစားသမားတစ်ဦးကို ရော်နယ်လ်ဒိုကြီး ရွေးချယ်

ဘာစီလိုနာမှာရော ရီးယဲလ်မက်ဒရစ်အသင်းမှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်းကြီး ရော်နယ်လ်ဒိုနာဇာရီယို (သို့) ရော်နယ်လ်ဒိုကြီးက ဒီနေ့ည ဘာနေဗျူးကွင်းမှာ ကျင်းပသွားမယ့် အယ်လ်ကလက်စီကိုဒါဘီပွဲစဉ်မှာ ပွဲရဲ့ အဆုံးအဖြတ်ကို ပေးသွားနိုင်ဖွယ်ရှိတဲ့ ကစားသမားတစ်ဦးက ရီးယဲလ်တိုက်စစ်မှူး ကာရန်ဘန်ဇီမာ ဖြစ်တယ်လို့ ရွေးချယ်သတ်မှတ်လိုက်ပါတယ်။

Photo Credit : Vietnamnet

ပြီးခဲ့တဲ့ဘောလုံးရာသီ ဘာနေဗျူးကွင်းမှာ ကစားခဲ့ရတဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကိုဒါဘီပွဲမှာ ဧည့်သည်ဘာစီလိုနာက သူတို့ရဲ့ မဟာပြိုင်ဘက် ရီးယဲလ်ကို (၄)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသားကို အနိုင်ယူ ချေမှုန်းခဲ့ပေမယ့်လည်း လက်ရှိမှာတော့ နှစ်သင်းလုံးက အမှတ်ပေးဇယားထိပ်မှာ ရမှတ်တူ အနေအထားနဲ့ ပူးတွဲ ရပ်တည်လို့နေတဲ့အပြင် ဒီနှစ်သင်းလုံးဟာလည်း ဒီရာသီ လာလီဂါမှာ ရှုံးပွဲမရှိသေးတာဖြစ်လို့ အခုလို ထိပ်တိုက် တွေ့ဆုံမှုက ပိုပြီးကို စိတ်လှုပ်ရှားဖို့ကောင်းနေရပါတယ်။

Photo Credit : LaPernsa

ဒီပွဲနဲ့ ပတ်သတ်ပြီး (၂)သင်းလုံးမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဘရာဇီးလ် ကစားသမားဟောင်းကြီး ရော်နယ်လ်ဒိုက El Clasico ပွဲအတွင်း ပွဲရဲ့အဆုံးအဖြတ်ကို ဖော်ထုတ်ပေးသွားနိုင်မယ့် ကစားသမားတစ်ဦးကို ရွေးချယ်သွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုက “ဒီပွဲရဲ့ အရေးအကြီးဆုံး ကစားသမားက ဘန်ဇီမာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ပြောရဲပါတယ်။ သူက နောက်တစ်နေ့မှာပဲ Ballon d’Or နဲ့ ဂုဏ်ပြုခံရမှာပါ။ အိမ်ကွင်းမှာ ကစားရတာပ မက်ဒရစ်အတွက် အားသာချက်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးက ဘောလုံးကစားတာ အရမ်းကောင်းပါတယ်” လို့ သူရဲ့အမြင်ကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဒီ အောက်တိုဘာလထဲ (၁၇)ရက်နေ့ မနက်ဖြန် မနက်အစောပိုင်းအချိန်မှာ ၂၀၂၂ခုနှစ်ရဲ့ Ballon d’Or ဆုကို ပြင်သစ်နိုင်ငံတွင် ချီးမြှင့်သွားမှာဖြစ်ပြီး ရီးယဲလ်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဘန်ဇီမာက 2022 Ballon d’Or Winner ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား လာလီဂါဖလားတို့အပြင် ပြင်သစ်အသင်းနဲ့လည်း UEFA Nations League ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး လာလီဂါမှာလည်း ဂိုးသွင်းအများဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Exit mobile version