တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ဖြစ်တဲ့ အင်တာမီလန် ၊ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရိုနယ်ဒို နာဇာရီယို ခေါ် ဒိုကြီးဟာ ကမ္ဘာ့ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ ကစားသမားတစ်ဦးပါ။ သူ့ရဲ့ အကောင်းဆုံး အချိန်တွေမှု တိုးအား ၊ ရုန်းအားကောင်းကောင်းနဲ့ ဂိုးတွေ သွင်းယူတတ်သလို သူ့ရဲ့ ညာခြေထောက် တစ်ချောင်းထဲဟာ ပေါင် ၁၀၀ သန်းအထိ တန်တယ်လို့ ချီးကျူးခံခဲ့ရတဲ့အထိ ကောင်းမွန်ခဲ့တဲ့ ရိုနယ်ဒိုဟာ လက်ရှိခေတ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေရဲ့ စံပြ ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: AS English.com

ရိုနယ်ဒို နာဇာရီယိုတစ်ယောက် ဘောလုံး လောကကနေ အနားယူသွားတဲ့ အချိန်မှာပဲ ဘောလုံးလောကမှာ နောက်ထပ် ရိုနယ်ဒိုတစ်ဦး ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ရိုနယ်ဒိုက​တော့ လက်ရှိ အချိန်အထိ ဘောလုံးလောကရဲ့ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်နေဆဲ ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ပါပဲ။ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ရိုနယ်ဒို နာဇာရီယိုတို့ဟာ မွေးရပ်မြေချင်း မတူသလို ဘောလုံးစင်မြင့်ပေါ်ကို တက်လှမ်း လာတဲ့ လမ်းကြောင်းတွေဟာလည်း မတူညီပါဘူး။ ဒါပေမယ့် တူညီတဲ့ အချက်တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ရိုနယ်ဒိုဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ပြိုင်ဘက်အသင်းရဲ့ ခံစစ် ကစားသမားတွေ ၊ ဂိုးသမားတွေ အားလုံးဟာ တုန်လှုပ်သွားရတဲ့ အချက်တစ်ခုပါ။

Photo Credit: AS English.com

ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာတော့ ရိုနယ်ဒို နာဇာရီယိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဟာ ဘယ်သူလဲဆိုတဲ့ မေးခွန်းတစ်ခုကို မေးခံခဲ့ရပြီး ထူးဆန်းစွာနဲ့ပဲ ရိုနယ်ဒို နာဇာရီယိုဟာ သူ့ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦးစာရင်း မှာ ခရစ္စတီယာနို ရိုနယ်ဒိုကို မထည့်သွင်းခဲ့ပါဘူး။ AS သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာ ရိုနယ်ဒို နာဇာရီယိုက ” မက်ဆီပါ။ မက်ဆီက နံပါတ်တစ်ပါပဲ။ သူဟာ နှစ် ၂၀ ဒါမှမဟုတ် နှစ်၃၀လောက် ကြာမှ ထွက်ပေါ်လာတတ်တဲ့ ပါရမီရှင်တစ်ဦးပါ။ ပြီးတော​့ ကျွန်တော်က ဟာဇ​က် ၊ ဆာလက် ၊ နေမာတို့ကိုလည်း သဘောကျပါတယ်။ အမ်ဘာပေကို စောင့်ကြည့် ရတာကိုလည်း ကျွန်တော် သဘောကျပါတယ် ” လို့ ဖြေဆိုသွားခဲ့တာပါ။