ကျွန်တော်တို့ မြန်မာစကားပုံမှာ “နွားပျိုသန်လှ နွားအိုပေါင်ကျိုး” ဆိုတဲ့ စကားပုံ တစ်ခု ရှိပါတယ်။ ဒီစကားပုံရဲ့ ဆိုလိုရင်း ကတော့ လူငယ်တွေ ဘယ်လောက်တော်တော် လူကြီးတွေက အတွေ့အကြုံဆိုတဲ့ အားသာချက်နဲ့ လူငယ်တွေထက် ပိုတော်တယ် ဆိုတာပါပဲ။ တစ်ခါတစ်ရံမှာ လူငယ်တွေ ဘယ်လောက် တော်တော် ၊ အတွေ့အကြုံ ရင့်ကျက်တဲ့ လူကြီးတွေကို မကျော်နိုင်တဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ လက်ရှိ မှာတော့ အီတလီ စီးရီးအေပြိုင်ပွဲမှာ ရှိတဲ့ ဝါရင့်တိုက်စစ်မှူး နှစ်ဦးဟာ အဆိုပါ စကားပုံမှန်ကန်ကြောင်း ကို သက်သေပြနေကြပါတယ်။

Photo Credit:  Express

အဆိုပါ တိုက်စစ်မှူးနှစ်ဦး ကတော့ ဂျူဗင်တပ် တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ အေစီမီလန် တိုက်စစ်မှူး အီဘရာဟီမိုဗစ် တို့ပဲ ဖြစ်ကြပါတယ်။ ရိုနယ်ဒိုနဲ့ မိုဗစ်တို့ဟာ ဘောလုံးသမားတွေရဲ့ နေဝင်ချိန်လို့ ပြောလို့ရတဲ့ အသက်၃၅နှစ်ကို ကျော်လွန်ပြီးသူတွေ ဖြစ်သလို လက်ရှိ ကမ္ဘာပေါ်မှာ ကပ်ဘေးကြီး တစ်ခုလို ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်လည်း ကူးစက်ခံခဲ့ ရတာကြောင့် ပေါင်ကျိုးနေတဲ့ နွားအိုတွေနဲ့ အလားသဏ္ဏာန် တူပါတယ်။ ဒါပေမယ့် ယခုတစ်ပတ်မှာတော့ သူတို့နှစ်ဦးစလုံးဟာ လူငယ် တိုက်စစ်မှူးတွေထက် သာလွန် နေသေးကြောင်းကို သက်သေပြ သွားကြပါတယ်။

Photo Credit:  Express

အသက် ၃၉နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ဆွီဒင် တိုက်စစ်မှူးကြီး မိုဗစ်ဟာ ယမန်နေ့မှာ ကစားခဲ့တဲ့ အူဒီးနိစ် အသင်းနဲ့ အေစီမီလန် အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ပွဲချိန် ၈၃မိနစ်မှာလည်း အနိုင်ဂိုးကို သွင်းယူပေး နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မိုဗစ်ဟာ လက်ရှိ စီးရီးအေ ပြိုင်ပွဲမှာ ၄ပွဲ ပါဝင် ကစားထားပြီး သွင်းဂိုး ၇ဂိုး သွင်းယူ ထားနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်သူပါ။

Photo Credit:  Express

တစ်ဖက်မှာတော့ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုဟာ အောက်တိုဘာလ ၃၁ရက်နေ့ကမှ ကိုရိုနာဗိုင်းရပ် ပျောက်ကင်း သက်သာသူ ဖြစ်ပေမယ့် ယမန်နေ့မှာ ကစားခဲ့တဲ့ စပီဇီယာ အသင်းနဲ့ ဂျူဗင်တပ် အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် လူစားဝင် ကစားပြီး အရေးပါတဲ့ ဦးဆောင်ဂိုး နှစ်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ လက်ရှိစီးရီးအေ ပြိုင်ပွဲမှာ ၄ပွဲ ပါဝင် ကစားထားပြီး ၅ဂိုး သွင်းယူ ထားကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြလုပ်ထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit:  Express

စီးရီးအေ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းကို ကြည့်လိုက်ရင် ကိုရိုနာဗိုင်းရပ် ကူးစက် ခံခဲ့ရသလို အသက် ၃၉နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မိုဗစ်ဟာ သွင်းဂိုး ၇ဂိုးနဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ရိုနယ်ဒို ဟာလည်း သွင်းဂိုး ၅ဂိုးနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး ဆိုတဲ့ စကားပုံ အတိုင်း မိုဗစ်နဲ့ ရိုနယ်ဒိုတို့ လူကာကူ ၊ ဆီမြွန်နီ ၊ ဘယ်လော့တီ စတဲ့ လူငယ် တိုက်စစ်မှူးတွေကို ကျော်ဖြတ်ပြီး ဂိုးသွင်းဘုရင်ဆုကို ရယူနိုင်ကြမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။