ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းရဲ့ အဓိကတိုက်စစ်မှူး လီယွန်နယ်မက်ဆီနဲ့ ပေါ်တူဂီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုတို့ဟာ ဘောလုံးသမိုင်းမှာတော့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ အကောင်းဆုံးပြိုင်ဖက်နှစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

တစ်ဦးက ပါရမီနဲ့ ကျွမ်းကျင်မှုကို ကိုယ်စားပြုနေချိန် တစ်ခြားတစ်ဦးက ဇွဲလုံ့လနဲ့ ကြိုးစားအားထုတ်မှုတို့ကို ကိုယ်စားပြုနေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိဘောလုံးလောကမှာ သူတို့နှစ်ဦးစလုံးဟာ တခြားကစားသမားတွေ ထက် တစ်ဆင့်မြင့်တဲ့အနေအထားတစ်ခုမှာ ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အသက်၃၀ကျော် သွားချိန်မှာတောင် နှစ်ဦးစလုံးဟာ သက်ဆိုင်ရာ အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်နေဆဲပါပဲ။

Photo Credit: Standard.com

၂၀၁၉ခုနှစ်မှာတော့ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ခြောက်ကြိမ်မြောက်အဖြစ် ရရှိခဲ့ပြီး ပြိုင်ဖက်ကြီးဖြစ်တဲ့ ရိုနယ်ဒိုထက် တစ်ကြိမ်ပိုသာတဲ့ အနေအထားတစ်ခုကို ရောက်ရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိသတ်တွေက အသက်၃၄နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရိုနယ်ဒိုဟာ မက်ဆီကို လိုက်မှီနိုင်မှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ရိုနယ်ဒို ရဲ့ ကြိုးစားအားထုတ်မှုကို နောက်တစ်ကြိမ် ပြသနေခဲ့ပါတယ်။

Photo Credit: Standard.com

အဲ့ဒါကတော့ မက်ဆီတစ်ယောက် ရွှေဘောလုံးဆုကို ရယူခဲ့တဲ့ ဒီဇင်ဘာ၂ရက်နေ့ ပြီးတဲ့နောက် ယခု ဖေဖော်ဝါရီလ ၉ရက်နေ့အထိ နှစ်လအတောအတွင်းမှာ ရိုနယ်ဒိုဟာ ဥရောပ ထိပ်သီးလိဂ်၅ခုရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေခဲ့တာပါပဲ။ ရိုနယ်ဒိုဟာ မက်ဆီ ရွှေဘောလုံးဆုကို ရခဲ့ပြီးနောက် စီးရီးအေ ၉ပွဲ ကစားခဲ့ရာမှာ ၁၄ဂိုးအထိ သွင်းယူနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။