ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီ ၅-၀ လူဇင်ဘက် ပွဲစဉ်မှာ ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ ဘောလုံးသမား တဦး အတွက် နောက်ဆုံးအချိန်ကို ရောက်ရှိနေပေမယ့် အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး ပေါ်တူဂီအသင်း အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ ၅၁ပွဲမှာ သွင်းဂိုး ၅၄ဂိုး အထိ သွင်းနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်မှာလည်း ရိုနယ်ဒိုဟာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ပွဲကစားချိန် ၈မိနစ် ၊ ၁၃မိနစ်နဲ့ ၈၇မိနစ်တို့မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကာ ဟက်ထရစ် ရရှိခဲ့ပါတယ်။

လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ် ရခဲ့တာကြောင့် ရိုနယ်ဒိုရဲ့ ကစားသမား ဘဝ နိုင်ငံတကာပွဲတွေမှာ ရခဲ့တဲ့ ဟက်ထရစ်ဟာ ၁၀ကြိမ် အထိ ရှိလာခဲ့ပြီး ရိုနယ်ဒိုဟာ နိုင်ငံတကာ ဟက်ထရစ် အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

Photo Credit: Daily Mail

လူဇင်ဘက်အသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ ရိုနယ်ဒိုက သူ့ဆီကနေ သွင်းဂိုးတွေ အများကြီး ထပ်မံ မြင်တွေ့ရဦးမယ်လို့ ကြုံးဝါးခဲ့ပါသေးတယ်။ ရိုနယ်ဒိုက – “ နောက်ထပ် နိုင်ပွဲတပွဲ ၊ မျှော်မှန်းထားတဲ့ ပန်းတိုင်ဆီ ရောက်မယ့် ခြေလှမ်းတလှမ်း ၊ ပေါ်တူဂီအသင်း အတွက် နောက်ထပ် ပျော်ရွှင်စရာကောင်းတဲ့ ညတည ဖြစ်ခဲ့ပါပြီ။ ကျွန်တော်တို့က ပထမဦးဆုံးမိနစ် ကနေ နောက်ဆုံးမိနစ် အထိ ဂရုတစိုက် အားပေးမယ့် ပရိသတ်တွေရဲ့ အရှေ့မှာ ကစားရတဲ့ ပွဲစဉ်တိုင်း လွယ်ကူတတ်ပါတယ်။ ကျွန်တော့်ဆီ ကနေ သွင်းဂိုးတွေ အများကြီး ထပ်ပြီး မြင်တွေ့ရစေမယ်လို့လည်း ကတိပေးပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။