စီးရီးအေ အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်တဲ့ ပေါ်တူဂီနိုင်ငံသား ရိုနယ်ဒို ဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဘိုလော့ဂ်နာ အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ အပြီးမှာတော့ ဂုဏ်ယူစရာကောင်းတဲ့ စံချိန် တစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ရိုနယ်ဒို ဟာ ဂျူဗင်တပ်အသင်းက အဝေးကွင်းမှာ ဘိုလော့ဂ်နာအသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပွဲချိန် ၂၃ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကနေ တဆင့် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။

Photo Credit: BBC

အဆိုပါ သွင်းဂိုးဟာ စီရိုနယ်ဒိုအတွက် လက်ရှိ ဘောလုံးရာသီမှာ ၂၂ဂိုး မြောက် သွင်းဂိုး ဖြစ်ကြောင်း သိရပြီး စီးရီးအေကို ရောက်ရှိ လာပြီးနောက် ၄၃ဂိုး မြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်း ကို ရောက်ရှိတာ နှစ်ရာသီသာ ရှိသေးပေမယ့် အဆိုပါ နှစ်ရာသီအတွင်းမှာ စီးရီးအေသွင်းဂိုး ၄၃ဂိုးအထိ ရရှိထားပြီး အဆိုပါ ၄၃ဂိုးကြောင့်ပဲ အီတလီစီးရီးအေသမိုင်းမှာ ဂိုးသွင်းအများဆုံး ပေါ်တူဂီ ကစားသမားဆိုတဲ့ မှတ်တမ်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။ စီရိုနယ်ဒိုဟာ အဆိုပါ စံချိန်ကို ရရှိဖို့အတွက် ဖီအိုရင်တီးနားအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ရူအီကော်စတာရဲ့ ၄၂ဂိုး စံချိန်ကို ကျော်ဖြတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit: BBC

စီးရီးအေပြိုင်ပွဲဟာ ပေါ်တူဂီ ကစားသမားတွေနဲ့ စိမ်းတဲ့ နယ်မြေတစ်ခု မဟုတ်ပေမယ့် စီးရီးအေ ပြိုင်ပွဲမှာ လာကစားကြတဲ့ ပေါ်တူဂီ ကစားသမားတွေဟာ များသောအားဖြင့် ကွင်းလယ် ကစားသမားတွေနဲ့ နောက်ခံလူတွေသာ ဖြစ်တတ်ကြတာကြောင့် စီးရီးအေပြိုင်ပွဲမှာ ပေါ်တူဂီ ကစားသမားတွေရဲ့ သွင်းဂိုးတွေကို များများစားစား မတွေ့မြင်ရပါဘူး။ စီးရီးအေ သမိုင်းမှာ ဂိုးသွင်းအများဆုံး ပေါ်တူဂီ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိပြီးနောက်မှာတော့ ရိုနယ်ဒိုဟာ ဥရောပ ထိပ်သီးလိဂ် ငါးခုမှာ သုံးခုရဲ့ ဂိုးသွင်းအများဆုံး ပေါ်တူဂီ ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းကိုလည်း ရရှိခဲ့ပါတယ်။ စီရိုနယ်ဒိုဟာ သူ့ရဲ့ ပထမဦးဆုံး အောင်မြေ ဖြစ်တဲ့ အင်္ဂလန်မှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် သွင်းဂိုး ၈၄ဂိုးအထိ ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး ပေါ်တူဂီ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ကာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားခဲ့စဉ်ကလည်း လာလီဂါပြိုင်ပွဲမှာ ၃၁၁ဂိုးအထိ သွင်းယူခဲ့ပြီး လာလီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ပေါ်တူဂီ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားပါတယ်။