အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ သူ့ရဲ့ အဓိက ပြိုင်ဘက်တစ်ဦးလို့ ဆိုရမယ့် မက်ဆီရဲ့ ဘာစီလိုနာ အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ မက်ဆီကို သူ့ရဲ့ပြိုင်ဘက် တစ်ဦးအဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဖူးကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ ဂျူဗင်တပ် အသင်းတို့ရဲ့ ပွဲစဉ်မှာ ဂျူဗင်တပ် အသင်းဟာ အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး အဆိုပါ နိုင်ပွဲကြောင့် အုပ်စုရဲ့ ပထမနေရာ ကနေ နောက်တစ်ဆင့်ကို တက်လှမ်း နိုင်ခဲ့ပါတယ်။

Photo Credit: Marca

    ဘာစီလိုနာ အသင်းရဲ့ နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဂျူဗင်တပ် အသင်းဟာ ရိုနယ်ဒိုရဲ့ ပင်နယ်တီ သွင်းဂိုးနှစ်ဂိုး ၊ လူငယ် ကွင်းလယ် ကစားသမား မက်ကန်းရဲ့ သွင်းဂိုးတွေကြောင့် ပထမ အကျော့မှာ ရှုံးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သလို အုပ်စု ပထမနေရာကို ရရှိခဲ့တာကြောင့် အတော်လေး ကောင်းမွန်တဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဘာစီလိုနာ အသင်းဟာ အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ခဲ့သလို အုပ်စု ပထမနေရာကိုလည်း လက်လွှတ်ခဲ့ ရတာကြောင့် စိတ်ပျက်စရာ ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ရိုနယ်ဒိုက မက်ဆီနဲ့ သူဟာ ဘယ်တုန်းကမှ ပြိုင်ဘက်တွေ အဖြစ် တစ်ယောက်ကို တစ်ယောက် မသတ်မှတ်ခဲ့ပါဘူးလို့ ဆိုသွားပါတယ်။

Photo Credit: Marca

    မက်ဆီနဲ့ သူနဲ့ကြားက ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး ရိုနယ်ဒိုက “ကျွန်တော်နဲ့ မက်ဆီကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး တစ်ခု ရှိပါတယ်။ ကျွန်တော်က သူနဲ့အတူ ၁၂နှစ် ၊ ၁၃နှစ် ၊ ၁၄နှစ်လောက် ဆုပေးပွဲတွေကို အတူတူ တက်ခဲ့ဖူးပါတယ်။ သူ့ကို ကျွန်တော့်ရဲ့ ပြိုင်ဘက်အဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ သူက အမြဲတမ်း သူ့ရဲ့ အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့် အရာတွေကို ပြုလုပ်ပေးဖို့ ကြိုးစားလေ့ ရှိပါတယ်။ ကျွန်တော်ကလည်း သူနဲ့ အတူတူပါပဲ။ ကျွန်တော်နဲ့ သူနဲ့ ကြားမှာ ဆက်ဆံရေးက အရမ်း ကောင်းပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးလောက ဆိုတာ ကျွန်တော်တို့ သိထားကြပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာပဲ ဖြစ်ဖြစ် ၊ ပွဲထဲမှာပဲ ဖြစ်ဖြစ် ပြိုင်ဆိုင်မှုဆိုတာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြားမှာတော့ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။