ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နည်းပြ တစ်ဦးဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန် ကတော့ လက်ရှိ ဘောလုံးကမ္ဘာရဲ့ အကြီးကျယ်ဆုံး ကစားသမား နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ ကြားက အဓိက ကွာဟချက်ကို ပြောပြ သွားခဲ့ပါတယ်။ လက်ရှိမှာ နည်းပြလောကကနေ အနားယူသွားပြီ ဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံး အသင်းဖြစ်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ သလို လက်ရှိမှာ ဂျူဗင်တပ်အသင်းရဲ့ ဂိုးသွင်းစက် တစ်လုံးအဖြစ် ခြေစွမ်းပြနေဆဲ ဖြစ်တဲ့ ရိုနယ်ဒိုကိုလည်း လူငယ်ကြယ်ပွင့် အဆင့်ကနေ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာအောင် ပုံသွင်းပေးခဲ့သူ တစ်ဦးပါ။

Photo Credit: Mirror

ရိုနယ်ဒို ကိုယ်တိုင်ကလည်း ဖာဂူဆန်ကို သူ့ရဲ့ ဘောလုံးဖခင် အဖြစ် သတ်မှတ်ထားပြီး သူတို့နှစ်ဦးရဲ့ ကြားမှာ ရှိတဲ့ သံယောဇဉ်ကလည်း အတော်ကို နက်ရှိုင်းပါတယ်။ ဒါ့ကြောင့် မက်ဆီနဲ့ ရိုနယ်ဒို နှစ်ဦးမှာ ဘယ်သူက ပိုကောင်းလဲ ဆိုပြီး မေးခွန်း ထုတ်ခံရချိန်မှာ ဖာဂူဆန်ဟာ ရိုနယ်ဒိုကို ရွေးချယ်လိမ့်မယ် လို့ အားလုံးက ထင်မှတ် ထားကြပေမယ့် ဖာဂူဆန် ကတော့ မက်ဆီနဲ့ ရိုနယ်ဒိုမှာ ဘယ်သူပိုကောင်းလဲ ဆိုတာဟာ ရွေးချယ်ရခက်တဲ့ အရာ တစ်ခုဖြစ်ကြောင်း ပြောဆို သွားခဲ့ပြီး မက်ဆီနဲ့ ရိုနယ်ဒိုကြားက ကွာဟချက်ကိုသာ ရှင်းပြ သွားခဲ့ပါတယ်။ ဖာဂူဆန်က မက်ဆီဟာ ဘာစီလိုနာ အသင်းရဲ့ ကစားပုံနဲ့သာ အံဝင်သူ ဖြစ်ပြီး ရိုနယ်ဒိုကတော့ အသင်းတိုင်းနဲ့ အသားကျနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း ပြောဆို သွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ရိုနယ်ဒိုနဲ့ မက်ဆီကြားက ကွာဟချက်အပေါ် ဖာဂူဆန်က “ လူတွေက ဘယ်သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားလဲ ဆိုတာကို အမြဲတမ်း မေးလေ့ ရှိပါတယ်။ ပြီးတော့ လူအများစုကလည်း မက်ဆီဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ ခင်ဗျားက သူတို့ရဲ့ အမြင်ကို သွားပြီး အငြင်းအခုန် လုပ်လို့ မရပါဘူး။ ဒါပေမယ့် ရိုနယ်ဒိုက မီလ်ဝေါအသင်း ၊ ကျူပီအာအသင်း ၊ ရိန်းဂျားအသင်း ၊ ဒွန်ကက်စတာ ရိုဗာအသင်း စတဲ့ အသင်းတွေ အပြင် အသင်းတိုင်း အတွက် ကစားပေးနိုင်တဲ့ ကစားသမား တစ်ဦးပါ။ ပြီးတော့ သူက အဲ့ဒီအသင်းတွေ အတွက် ကစားပေးရင်းနဲ့ ဟက်ထရစ် သွင်းယူပေးနိုင်ပါတယ်။ ဒါပေမယ့် မက်ဆီက ဒီလို လုပ်နိုင်မလား ဆိုတာကိုတော့ ကျွန်တော် သေချာ မသိပါဘူး။ ရိုနယ်ဒိုက ခြေထောက် နှစ်ချောင်းစလုံး သန်တယ်။ ပြီးတော့ လျင်မြန်တယ်။ လေထဲမှာ အရမ်းကောင်းတယ်။ ပြီးတော့ ရဲရင့်တယ်။ မက်ဆီကလည်း ရဲရင့်တာပါပဲ။ ဒါပေမယ့် မက်ဆီဟာ ဘာစီလိုနာ အသင်းအတွက် မွေးဖွား လာတဲ့ ကစားသမားလို့ ထင်ပါတယ်” ဆိုပြီး ရှင်းပြ သွားခဲ့တာပါ။