MySport Myanmar

ပီအက်စ်ဂျီက ရော်နယ်လ်ဒိုရဲ့ အသင်းသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရ

ဒီနှစ်ဘောလုံးရာသီအကုန်မှာ အနာဂတ် အခြေအနေ အပြောင်းအလဲ ဖြစ်သွားနိုင်ဖွယ် ရှိနေရတဲ့ GOAT ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို လာမယ့်နွေစျေးကွက်အတွင်း ပီအက်စ်ဂျီအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေရတယ်လို့ ဗင်နီဇွဲလားအခြေစိုက် နာမည်ကျော် သတင်းစာကြီး El Nacional ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၇)နှစ်အရွှ့ယ်ရှိ ပေါ်တူဂီထိပ်တန်း တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီကမှ မန်ချက်စတာယူနိုက်တက်အသင်းဆီကို တကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် တစ်ရာသီအတွင်း သွင်းဂိုး(၁၈)ဂိုးထိ သွင်းယူနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံလိဂ်မှာ အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ကယ်တင်ထားနိုင်ပေမယ့် အသင်းရဲ့ အခြေအနေတွေက အားရစရာ အနေအထားမှာ ရှိမနေပဲ ကွန်းဖရန့်လိဂ်ထိ ပါဝင်ရဖွယ် ရှိနေတဲ့အပြင် ရော်နယ်လ်ဒိုကိုယ်တိုင်ကပါ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ လူအများ ဝေဖန်ချင်စရာ ဖြစ်စေနိုင်မယ့် အပြုအမှုတွေကို လုပ်ဆောင်ခဲ့တာကြောင့် ယူနိုက်တက်နဲ့ ရော်နယ်လ်ဒိုတို့ကြားမှာ အနာဂတ် မရေမရာတွေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Ronaldo

ရီးယဲလ်မက်ဒရစ် ဂန္တဝင်ကစားသမားဟောင်းကြီး ရော်နယ်လ်ဒိုက သူ့အသင်းဟောင်းရဲ့ အခါးသီးဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာတဲ့အထိ ဖြစ်ခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုကိုယ်တိုင်ကတော့ သူရဲ့ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ ဇာဗီရဲ့လက်အောက်မှာ အလုပ်မလုပ်ချင်တာကြောင့် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပဲ သူရဲ့မဟာပြိုင်ဘက် လီယွန်နယ်မက်ဆီရှိရာ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနည်းပြ မာရီစီယိုပိုချက်တီနိုနဲ့ လက်တွဲဖြုတ်ပြီး ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို ခန့်အပ်သွားဖွယ် ရှိနေရာ ဇီဒန်းသာ ပီအက်စ်ဂျီနည်းပြ ဖြစ်လာခဲ့မယ်ဆိုရင် သူနဲ့အတူ ရီးယဲလ်မှာ လက်တွဲခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုကိုပါ ခေါ်ယူသွားနိုင်ပြီး အသင်းနဲ့ မရေမရာ ဖြစ်နေတဲ့ ဘာပေနေရာအတွက် အစားထိုးသွားနိုင်မှာလည်း ဖြစ်သလို မက်ဆီ ရော်နယ်လ်ဒို နေမာဆိုတဲ့ ကြောက်မက်ဖွယ်ရာ တိုက်စစ်အတွဲအဖက်ကိုပါ မြင်တွေ့ရနိုင်တော့မှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့ လမ်းခွဲဖြစ်မယ်ဆိုရင်တော့ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်သွားနိုင်မယ့် ပီအက်စ်ဂျီအသင်းကို သေချာပေါက် ရွေးချယ်သွားဖွယ် ရှိနေရပါတယ်။

Exit mobile version