မန်ချက်စတာ ယူနိုက်တက်အသင်း ၊ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းတို့နဲ့ အောင်မြင်မှုပေါင်းများစွာ ရယူခဲ့ဖူးတဲ့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်ဒို ကတော့ ယနေ့မနက်ပိုင်းမှာ ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ်ခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ကစားသမားဘဝမှာ ပထမဦးဆုံး အကြိမ်အဖြစ် ဖလားလုပွဲ နှစ်ကြိမ် ဆက်တိုက်ကို အရေးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ စီရိုနယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းဟာ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ နာပိုလီ အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ပွဲကစားချိန် အတွင်းမှာ ဂိုးမရှိသရေ ရလဒ်သာ ထွက်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာ နာပိုလီ အသင်းဟာ ၄ဂိုး ၂ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဂျူဗင်တပ်အသင်းအတွက် ပင်နယ်တီ ကန်သွင်းမှု ပြုလုပ်ခဲ့တဲ့ ကစားသမားတွေ ထဲမှာ ဒိုင်ဘာလာနဲ့ ဒါနီလို နှစ်ဦးတို့ဟာ လွဲချော်ခဲ့ပြီး နာပိုလီအသင်းဘက်ကတော့ ကစားသမား အကုန် ဂိုးဝင်ခဲ့တာကြောင့် ကိုပါအီတာလီယာ ဖလားကို ရယူသိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါရှုံးပွဲကြောင့် ဂျူဗင်တပ်အသင်း ဟာ ယခုနှစ် ဘောလုံးရာသီ အတွင်းမှာပဲ ဖလားလုပွဲ နှစ်ကြိမ်စလုံးကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီအစမှာ အီတလီစူပါဖလား ဗိုလ်လုပွဲကို ကစားခဲ့ရာမှာလည်း လာဇီယို အသင်းကို အရေးနိမ့်ကာ ဖလားရယူနိုင်ခဲ့ခြင်း မရှိသလို ယခုတစ်ကြိမ်မှာလဲ နာပိုလီအသင်းကို ရှုံးနိမ့်ကာ အောင်ပွဲခံခွင့် ဆုံးရှုံးခဲ့ရပါတယ်။

Photo Credit: Metro

အခုလို ဖလားလုပွဲနှစ်ကြိမ် ဆက်တိုက် အရေးနိမ့်ခဲ့ရတာဟာ စီရိုနယ်ဒိုရဲ့ ကစားသမားဘဝ မှာ ပထမဦးဆုံး အကြိမ် ဖြစ်ခဲ့တယ်လို့ အချက် အလက်တွေအရ သိရှိရပြီး ရိုနယ်ဒိုအတွက် တော့ လက်ရှိ ဘောလုံးရာသီဟာ ကံမကောင်းတဲ့ ရာသီတစ်ခု ဖြစ်တယ်လို့ ဆိုရမှာပါ။ နာပိုလီ အသင်းအတွက်တော့ ခြေစွမ်းပြဖို့ ရုန်းကန် နေရတဲ့ ဘောလုံးရာသီတစ်ခုမှာ အခုလို အရေးပါတဲ့ ဖလားတစ်ခုကို ရယူနိုင်ခဲ့တာဟာ အတော်လေးကို ကောင်းမွန်ခဲ့ပြီး နည်းပြသစ် ဂတ်တူဆိုအတွက်လည်း နည်းပြဘဝမှာ ပထမဦးဆုံးအကြိမ် အဓိက ဆုဖလားတစ်ခုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းကို အနိုင်ရကာ ၂၀၂၀ခုနှစ်ရဲ့ ကိုပါအီတာလီယာ ဖလားကို အရယူနိုင်ခဲ့တာဟာ နာပိုလီအသင်းရဲ့ သမိုင်းမှာ ခြောက်ကြိမ်မြောက်အဖြစ် ကိုပါအီတာလီယာဖလားကို ရရှိခဲ့တာ ဖြစ်ကြောင်း သိရကာ အဆိုပါ ရှုံးပွဲကြောင့် ဂျူဗင်တပ်နည်းပြ ဖြစ်သူ ဆာရီရဲ့ အနာဂတ်ဟာလည်း ပိုမို စိုးရိမ် စရာ ကောင်းလာပါပြီ။