ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက သူဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားပေးတော့မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေသူ ဖြစ်ပြီး အသင်းရဲ့ ရာသီကြို ခရီးစဉ်တွေကိုလည်း လိုက်ပါခြင်း မရှိခဲ့ပါဘူး။

Photo Credit: Standard

ဒါပေမယ့်လည်း ရိုနယ်ဒိုက အသင်းသစ် မရှာနိုင်သေးတာကြောင့် ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ မန်ချက်စတာမြို့ဆီ ပြန်လာကာ သူ့ရဲ့ အနာဂတ် အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ ၊ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ၂ရက်သာ လေ့ကျင့်ခန်း ပြန်ဆင်းရသေးတာကြောင့် ယနေ့မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါခွင့် မရခဲ့ပဲ မန်ချက်စတာမြို့မှာသာ ကျန်ရစ်ရင်း ရာသီကြို ခြေစမ်းပွဲကို လိုက်ပါခွင့် မရခဲ့တဲ့ လူငယ် ကစားသမားတွေနဲ့သာ လေ့ကျင့်ခန်း ဆင်းနေရပါတယ်။

Photo Credit: Standard

ရိုနယ်ဒိုက မန်ချက်စတာမြို့မှာ ကျန်ရစ်ခဲ့ပေမယ့် မနက်ဖြန်မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဗယ်လက်ကာနိုတို့ရဲ့ တံခါးပိတ် ခြေစမ်းပွဲကို ပါဝင် ကစားဖို့ ရှိနေပြီး ရိုနယ်ဒို ကိုယ်တိုင်က သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် “တနင်္ဂနွေနေ့မှာ ဘုရင်ကြီး ပြန်ကစားတော့မယ်” လို့ ကြေညာရင်း သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ အဆုံးမသတ်သေးကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ယမန်နေ့မှာလည်း ရိုနယ်ဒိုက သူဟာ မန်ချက်စတာ ယူနိုက်တက်ကနေ အရမ်းကို ထွက်ချင်နေပြီ ဆိုတဲ့ သတင်းတွေကို သတင်းအမှားတွေလို့ တရားဝင် တုံ့ပြန်ထားတာကြောင့် ရိုနယ်ဒို တယောက် အသင်းပြောင်းဖို့ အဆင်မပြေ ဖြစ်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကို ပြန်ချော့နေတာ ဖြစ်နိုင်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။