ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခုနှစ် အစပိုင်းမှာပဲ ကွယ်လွန်သွားခဲ့တဲ့ သူ့ရဲ့ သားငယ်လေး အိန်ဂျယ်ရဲ့ အရိုးပြာတွေကို အိမ်မှာ တယုတယ သိမ်းဆည်းထားသလို နေ့တိုင်း သူ့သားလေးနဲ့ စကားပြောဖြစ်ကြောင်း ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ သူ့ရဲ့ အတူနေချစ်သူ ဂျော်ဂျီနာတို့ဟာ ယခုနှစ် အစပိုင်းမှာပဲ သမီးတယောက် ၊ သားတယောက် ပါဝင်တဲ့ အမြွာပူးလေးကို မွေးဖွားနိုင်ခဲ့ကာ သမီးဖြစ်သူက အသက်ရှင်ခဲ့ပေမယ့် သားငယ်လေးကတော့ ကျန်းမာရေး ဆိုးဝါးတာကြောင့် မွေးပြီး မကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

Photo Credit: Mirror

ရိုနယ်ဒိုက အမြွာပူးလေး လိုချင်သူ တဦး ဖြစ်တာကြောင့် မွေးကင်းစ အရွယ်မှာပဲ သားငယ်လေး ဆုံးသွားတဲ့ အတွက် အတော်လေးကို စိတ်ထိခိုက်ခဲ့ရပြီး သူ့ရဲ့ စိတ်ထိခိုက်မှု ပျောက်ကင်းအောင် နာမည်ကျော် စိတ်ရောဂါ အထူးကု ဆရာဝန်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေပါ လုပ်ခဲ့ရပါတယ်။

ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး အင်တာဗျူးမှာတော့ ရိုနယ်ဒိုက သူဟာ ကွယ်လွန်သွားတဲ့ သူ့သားကို အိန်ဂျယ်လို့ နာမည်ပေးထားပြီး အိန်ဂျယ်လေးရဲ့ အရိုးပြာတွေကို သူ့အဖေရဲ့ အရိုးပြာအိုးရဲ့ နံဘေးမှာ ထားထားသလို နေ့တိုင်း သူ့သားရဲ့ အရိုးပြာအိုးဆီ သွားရောက်ကာ စကားတွေ ပြောဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

အိန်ဂျယ်လေးနဲ့ ပတ်သတ်ပြီး ရိုနယ်ဒိုက – “ဒီအဖြစ်အပျက်က အဖေ ဆုံးပြီးတဲ့နောက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲမှာ အဆိုးဝါးဆုံး အဖြစ်အပျက်ပါပဲ။ ကျွန်တော်က ဖခင်တယောက်အနေနဲ့ ပျော်ရွှင်မှုကိုရော ၊ ဝမ်းနည်းမှုကိုပါ တပြိုင်ထဲ ခံစားခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ ကျွန်တော်က စိတ်ထိခိုက် နာကျင်ခဲ့ရပါတယ်။ အိန်ဂျယ်လေးရဲ့ အရိုးပြာတွေကိုတော့ ကျွန်တော့်အဖေရဲ့ အရိုးပြာအိုးနားမှာပဲ ထားထားပါတယ်။ ကျွန်တော့်အိမ်မှာ အရိုးပြာအိုးတွေ ထားဖို့ သီးသန့် အခန်းတခန်း ပြင်ဆင်ထားပါတယ်။ ကျွန်တော်က အားတဲ့ အချိန်တိုင်း အိန်ဂျယ်လေးဆီ သွားပြီး သူနဲ့ စကားတွေ ပြောဖြစ်ပါတယ်။ အစကတော့ အိန်ဂျယ်လေးရဲ့ အကြောင်းကို အိမ်မှာ ရှိတဲ့ ကလေးတွေကို မပြောပြခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်း ကလေးတွေက အိန်ဂျယ်လေးရဲ့ အကြောင်း မေးလာကြတော့ ကျွန်တော်က ဂျော်ဂျီနာကို အမှန်တရားနဲ့ ရင်ဆိုင်ဖို့ အချိန်ရောက်ပြီလို့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်ကပဲ ကလေးတွေကို အိန်ဂျယ်လေး ဆုံးသွားတဲ့ အကြောင်း ပြောခဲ့ရပါတယ်။ ကလေးတွေက အိန်ဂျယ်လေးရဲ့ အကြောင်းကို ကြားပြီးတော့ ကျွန်တော် စိတ်သက်သာရာ ရအောင် လုပ်ပေးခဲ့ကြပါတယ်။ သူတို့က ကောင်းကင်ပေါ်ကို လက်ညှိုးထိုးပြပြီး “ဒယ်ဒီ အိန်ဂျယ်လေး အတွက် ဆုတောင်းပေးရအောင်” လို့ ပြောကြပါတယ်။ သူတို့ရဲ့ လုပ်ရပ်ကြောင့် ကျွန်တော်က အတော်လေး ပျော်ခဲ့ရပါတယ်။ ပြီးတော့ အိန်ဂျယ်လေးက သူတို့ရဲ့ဘဝရဲ့ တစိတ်တပိုင်း ဖြစ်သွားခဲ့လို့လည်း ကျေနပ်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။