အီတလီ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဂျူဗင်တပ်အသင်းရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်တာကို ပရိသတ်တွေ အားလုံးလည်း သိကြမှာပါ။ ရိုနယ်ဒို ဟာ လက်ရှိ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစားပေးထားပြီး ၆ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်သူပါ။ ဒါပေမယ့် ရိုနယ်ဒို တစ်ဦးထဲက ဂျူဗင်တပ် အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်နေတာ မဟုတ်ပါဘူး။ သူ့ရဲ့ ဩရသ သားဖြစ်သူ ရိုနယ်ဒို ဂျူနီယာ ကလည်း လက်ရှိမှာ သူ ကစားနေတဲ့ ဂျူဗင်တပ် ယူ-၉ အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်နေကြောင်း သိရှိ ရပါတယ်။

Photo Credit: Sportbible

ပြီးခဲ့တဲ့ ဇွန်လမှာ အသက် ၁၀နှစ် ပြည့်ခဲ့တဲ့ ရိုနယ်ဒိုရဲ့ သားကြီး ရိုနယ်ဒို ဂျူနီယာဟာ ဖခင်ဖြစ်သူ ရိုနယ်ဒို တစ်ယောက် ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ် အသင်းထံ ရောက်ရှိတဲ့ အချိန် ကတည်းက ဂျူဗင်တပ် အကယ်ဒမီမှာ ဝင်ရောက် လေ့ကျင့်နေသူ ဖြစ်ပြီး လက်ရှိမှာတော့ ဂျူဗင်တပ် ယူ-၉ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပါပြီ။ မှတ်တမ်းတွေ အရတော့ ရိုနယ်ဒို ဂျူနီယာဟာ ဂျူဗင်တပ် ယူ-၉ အသင်း အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅၈ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီး ၁၈ကြိမ် အထိ ဂိုးဖန်တီးမှု ပြုလုပ် ထားကြောင်း သိရပါတယ်။ ဒါ့ကြောင့်ပဲ ဂျူဗင်တပ် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ရိုနယ်ဒို ဂျူနီယာကို ယူ-၉ အသင်းထက် ပိုမြင့်တဲ့ လူငယ် အသင်းတွေဆီ ပို့ဆောင်ဖို့ လုပ်ဆောင် နေကြပါတယ်။

Photo Credit: Sportbible

 

ရိုနယ်ဒို ကတော့ သူ့ရဲ့သား ဖြစ်သူ ရိုနယ်ဒို ဂျူနီယာကို သူ့လိုမျိုး ထိပ်တန်း ကစားသမား တစ်ဦးဖြစ်လာဖို့ မျှော်လင့်ထားကြောင်း Daily Mail သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်။ ရိုနယ်ဒို က “ ကျွန်တော့်ရဲ့သား ခရစ် (ရိုနယ်ဒို ဂျူနီယာ) က ကျွန်တော့်လို ဖြစ်လာဖို့ မျှော်လင့် ထားပါတယ်။ သူ ကတော့ သူဟာ ကျွန်တော့်ထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲ့ဒီလို ဖြစ်လာဖို့က အရမ်းကို ခက်ခဲလိမ့်မယ် လို့ ထင်ပါတယ်။ ကျွန်တော်က သွင်းဂိုးတွေ သွင်းနေရရင် အရမ်းကို ပျော်ပါတယ်။ သူကလည်း အဲ့ဒီလိုပါပဲ။ သူက ဂျူဗင်တပ်အသင်း အတွက် ကစားပေးနေပြီး အရမ်းကို အသားကျနေပါပြီ။ ဂျူဗင်တပ်အသင်းမှာ ကစားရတာက သူ့အတွက် အရမ်းကို အဆင်ပြေပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။