MySport Myanmar

လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားဖွယ် မရှိနိုင်သေးတဲ့ ရော်နယ်လ်ဒို

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက်(၃၈)နှစ်ပြည့်သွားတော့မယ့် ခရစ္စတီယာနိုရော်နယ်လ်ဒိုအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်နေတာ သေချာသလောက် ရှိသွားခဲ့ပေမယ့် ကမ္ဘာ့ဖလားကနေ ကွာတားအဆင့်နဲ့သာ လှည့်ပြန်ခဲ့ရတဲ့ ရော်နယ်လ်ဒိုကတော့ လက်ရှိမှာ လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့ ဆန္ဒမရှိသေးပဲ ယူရို-၂၀၂၄ပြိုင်ပွဲအထိပါ ပါဝင်သွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : The New Yorker

လွန်ခဲ့တဲ့ ၂၀၀၃ခုနှစ်ကတည်းက ပေါ်တူဂီလက်ရွေးစင်အသင်းမှာ စတင် ပါဝင်ခွင့် ရရှိခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အဲ့ဒီအချိန်ကနေ စတင်ပြီး ယူရို-၂၀၀၄ ၂၀၀၆ကမ္ဘာ့ဖလား ယူရို-၂၀၀၈ ၂၀၁၀ကမ္ဘာ့ဖလား ယူရို-၂၀၁၂ ၂၀၁၄ကမ္ဘာ့ဖလား ယူရို-၂၀၁၆ ၂၀၁၈ကမ္ဘာ့ဖလား ယူရို-၂၀၂၀နဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဆင်နွဲခဲ့ရပြီး ယူရို-၂၀၁၆မှာတော့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုဟာ ဒီနောက်ပိုင်းမှာ စတင် ကျင်းပလာခဲ့တဲ့ နိုင်ငံတတာပြိုင်ပွဲသစ်တစ်ခုဖြစ်တဲ့ UEFA Nations League ပြိုင်ပွဲကိုပါ ပါဝင်ခဲ့သလို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တဲ့နှစ်မှာပဲ ချန်ပီယံ ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : CNN

လက်ရှိမှာ အသက်(၃၈)နှစ်ပြည့်မြောက်တော့မယ့် ရော်နယ်လ်ဒိုက ၂၀၂၂ကမ္ဘာ့ဖလားကို ကစားသမားဘဝရဲ့ final world cup အဖြစ် ပါဝင်ထားခဲ့ရတာဖြစ်တာကြောင့် သူ တစ်ကြိမ်တစ်ခါမှ မရရှိဖူးသေးတဲ့ world cup ကြီးကို ရယူသွားဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အခုပြိုင်ပွဲအတွင်း မထင်မှတ်ထားတာတွေ လုပ်ပြနေသော မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့ရင်း ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီရှုံးပွဲမှာ ပိုမို နာကျင်ရမယ့်သူက ကစားသမားဘဝရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမှာ ဘာ အောင်မြင်မှုမှ မယူဆောင်နိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဖြစ်ပြီး ပွဲအပြီးမှာလည်း အဝတ်လဲခန်းဆီသွားရာ ဥမင်လှိုဏ်ခေါင်းအတွင်း ငိုကြွေးနေခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီ အခြေစိုက် သတင်းစာ Correio da Manhã ရဲ့ ဖော်ပြချက်မှာတော့ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်အတွင်း ပေါ်တူဂီလက်ရွေးစင်အသင်းကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ အနည်းဆုံးတော့ ဂျာမနီနိုင်ငံမှာ ကျင်းပသွားမယ့် ယူရို-၂၀၂၄ပြိုင်ပွဲအထိ လက်ရွေးစင်အသင်းအတွက် အသုံးဝင်နေဦးမယ်လို့ပါ ယုံကြည်နေပါတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ပါ လမ်းခွဲထားရတဲ့ ရော်နယ်လ်ဒိုဟာ သူရဲ့အနာဂတ်အတွက် သင့်တော်မယ့် အသင်းတစ်သင်းကို ရွေးချယ်ရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version