မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကတော့ နိုင်ငံ လက်ရွေးစင် အသင်းဖော် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကို သူ မြင်ဖူးသမျထဲမှာ ဘောလုံး အကျွမ်းကျင်ဆုံး ကစားသမား တစ်ယောက် ဖြစ်ပါတယ်လို့ BT Sport သတင်းမှာ အခိုင်အမာ ချီးကျူး ပြောကြားသွားခဲ့ပါတယ်။ ပေါ်တူဂီ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အပြောင်းအရွေ့မှာ ပေါ်တူဂီ အခြေစိုက် စပို့တင်း လစ္စဘွန်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး လအနည်းငယ်အတွင်းမှာ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို (၂) ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ ဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲကစားနေလျက် ဖြစ်ပြီး လာမယ့် (၂၀၂၀) ခုနှစ် ကွာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာတော့ သူတို့နှစ်ဦးရဲ့ မြက်ခင်းစိမ်းပေါ်က တွဲလုံးတွေကို အပြည့်အဝ မြင်တွေ့နိုင်ကြတော့မှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က ဆုဖလား အောင်မြင်မှုတွေ များစွာ ရရှိထားပြီး လက်ရှိ မန်ယူအသင်းရဲ့ကွင်းလယ်လူ ဖာနန်ဒက်စ်က မန်ယူတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကို သူ မြင်ခဲ့ဖူးသမျှထဲမှာ ဘောလုံး အကျွမ်းကျင်ဆုံး ကစားသမား ဖြစ်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

BT Sport မှာ ဖာနန်ဒက်စ်က “ခရစ်စတီယာနိုက ကစားသမားဘဝရဲ့ ပထမနှစ်ကနေ စတင်ပြီး ကမ္ဘာပေါ်က ဘောလုံး အကျွမ်းကျင်ဆုံး ကစားသမားတွေထဲမှာ တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ သူက သူ့ရဲ့ ကစားဟန်ကို အနည်းငယ် ပြောင်းလဲခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူက တစ်ယောက်ချင်း ထိပ်တိုက် ရင်ဆိုင်တဲ့ အချိန်မှာ တားဆီးဖို့ ခက်ခဲတဲ့ ကစားသမား တစ်ဦး ဖြစ်နေဆဲပါပဲ။ ကျွန်တော့်အတွက်ကတော့ ကျွန်တော် သူနဲ့ တွဲကစားဖူးပြီး ပြိုင်ဘက်အဖြစ်လည်း ရင်ဆိုင်ခဲ့ဖူးပါတယ်။ ကျွန်တော် မြင်ဖူးသမျှထဲမှာတော့ ရော်နယ်ဒိုက ဘောလုံး အကျွမ်းကျင်ဆုံး ကစားသမား ဖြစ်ပါတယ်”လို့ သတင်းထောက်ကို အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် (၃) ပွဲသာ ကစားသွားဖို့ ကျန်ရှိတော့တာ ဖြစ်ပြီး ယနေ့ည (၁း၃၀) အချိန်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။