ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ရိုနယ်ဒိုဟာ ပီအက်စ်ဂျီအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကြယ်ပွင့် ကစားသမား လီယွန်နယ် မက်ဆီထက် ပိုကောင်းကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီတို့ဟာ လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်သလို ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမားတွေထဲက နှစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: 90 Min

ဒါကြောင့် ဘောလုံးလောကမှာ ရိုနယ်ဒိုနဲ့ မက်ဆီ ဘယ်သူပိုကောင်းလဲ ဆိုတာ မေးခွန်းဟာ လက်ရှိအထိ လူကြိုက်အများဆုံးနဲ့ အငြင်းခုန်ရဆုံး မေးခွန်းတခု ဖြစ်ပြီး ဒီမေးခွန်းရဲ့ အဖြေကို လက်ရှိအချိန် အထိ ကွဲကွဲပြားပြား မပြောနိုင်သေးပဲ မက်ဆီနဲ့ ရိုနယ်ဒိုတို့ကို ထိပ်တန်း ကစားသမားတွေ အားလုံးထက် တဆင့် ပိုမြင့်တဲ့ နေရာမှာ ရှိတဲ့ ကစားသမားတွေ အဖြစ် သတ်မှတ်ထားကြပါတယ်။

ဒါပေမယ့် မကြာခဏဆိုသလို ရိုနယ်ဒိုနဲ့ မက်ဆီ ဘယ်သူ ပိုကောင်းလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဆန်းစစ်မှုတွေ ၊ လေ့လာမှုတွေ ရှိနေဆဲ ဖြစ်ပြီး Sky Sports ရုပ်သံမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ဂယ်ရီနဗီးလ် ကတော့ ရိုနယ်ဒိုဟာ ဘယ်ခြေ ၊ ညာခြေ ၊ ဦးခေါင်း စတဲ့ နေရာပေါင်းစုံနဲ့ ဂိုးသွင်းနိုင်ကာ ပြီးပြည့်စုံတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ရိုနယ်ဒိုက မက်ဆီထက် သာပြီး ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

Photo Credit: 90 Min

ရိုနယ်ဒိုက မက်ဆီထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်ကြောင်းကို ဂယ်ရီနဗီးလ်က – “မက်ဆီက သွင်းဂိုးတွေ အများကြီး သွင်းယူထားနိုင်တယ် ဆိုတာကို ငြင်းစရာ မရှိပါဘူး။ သူက မယုံနိုင်စရာ ကောင်းတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရိုနယ်ဒိုက သူ အားနည်းတဲ့ ဘယ်ခြေထောက်နဲ့ သူ သွင်းထားတဲ့ သွင်းဂိုးတွေရဲ့ ၃၀ ၊ ၄၀ ရာခိုင်နှုန်းလောက်ကို သွင်းယူထားနိုင်သူပါ။ ပြီးတော့ သူက ပင်နယ်တီသွင်းဂိုးလည်း ပိုများပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်ကတော့ ရိုနယ်ဒိုဟာ ပွဲချိန် အများစု အတွက် ပြီးပြည့်စုံတဲ့ ကစားသမား ဆိုတဲ့ အချက်ကို လက်ခံထားပါတယ်။ ပြီးတော့ နိုင်ငံသွင်းဂိုးဘက်ကို ပြန်ကြည့်ရင်လည်း ရိုနယ်ဒိုက သမိုင်းမှာ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားပါ။ ဒါ့အပြင် ရိုနယ်ဒိုက မက်ဆီရဲ့ အသင်းလောက် မကောင်းတဲ့ အသင်းတွေနဲ့ ချန်ပီယံလိဂ် ဆုဖလား ၅ကြိမ်အထိ ရယူထားနိုင်ပါတယ်။ မက်ဆီက ဘာစီလိုနာအသင်းနဲ့ လိဂ်ဖလားတွေ အများကြီး ရယူထားနိုင်ပေမယ့် ချန်ပီယံလိဂ်ဖလားနဲ့ နိုင်ငံတကာ သွင်းဂိုးတွေကို ယှဉ်ကြည့်လိုက်တော့ ရိုနယ်ဒိုကသာ ထာဝရ အကောင်းဆုံး ကစားသမားလို့ ကျွန်တော် ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။