ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ ထိပ်တန်း ကစားသမားကြီးဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူနဲ့အတူ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်မှာ တွဲဖက် ကစားခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာကို အယ်လ်နာဆာဆီ လာရောက် ကစားဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

အသက် (၃၁)နှစ်အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ဘောလုံးလောကနဲ့ ပတ်သက်ခွင့် (၄)နှစ်အထိတောင် ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ်ကြီးနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါပေမယ့် အားကစားခုံရုံးဆီ အယူခံဝင်ထားတာ အောင်မြင်ခဲ့လို့ (၄)နှစ်ကနေ (၁၈)လအထိ ပွဲပယ်ပြစ်ဒဏ် လျော့ချခံလိုက်ရပါတယ်။

Photo Credit : TOP Mercato

ဒီလို အခြေအနေကြောင့် ပေါ့ဘာက လာမယ့် ၂၀၂၅ မတ်လမှာပဲ ဘောလုံးပြန်ကစားဖို့ ရှိနေပြီး ဇန်နဝါရီမှာတောင် အသင်းလိုက် လေ့ကျင့်ခန်းတွေပါ လုပ်ဆောင်လာဖို့ ရှိနေပေမယ့် ပေါ့ဘာရဲ့ လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းက အသင်းအတွက် ပြန်ကစားနိုင်တော့မယ့် ပေါ့ဘာနဲ့ လက်တွဲဖြုတ်ဖို့ပါ စီစဉ်နေပါတယ်။

ပေါ့ဘာကလည်း ဂျုဗင်တပ်စ်နဲ့ စာချုပ်ဖျက်သိမ်းပြီး လီယွန်နယ် မက်ဆီ ကစားနေတဲ့ မေဂျာလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့သလို မာဆေးလ်အသင်းဆီ ပြောင်းရွှေ့တော့မယ်ဆိုပြီးလည်း သတင်းတွေ တောက်လျှောက် ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လတ်တလောမှာတော့ ပေါ့ဘာက အယ်လ်နာဆာနဲ့ပါ သတင်းထွက်လာပါတယ်။

Photo Credit : Juvefc

ဂျုဗင်တပ်စ်နဲ့ ပေါ့ဘာတို့သာ စာချုပ်ဖျက်သိမ်းကြမယ်ဆိုရင် ပေါ့ဘာက free agent player ဖြစ်လာတော့မှာဖြစ်ပြီး ပေါ့ဘာလို အရည်အသွေးမြင့် ကစားသမားကောင်းတစ်ဦးကို အသင်းတိုင်းက လိုချင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ဘာရဲ့ အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကပါ အယ်လ်နာဆာအသင်းဆီ ပြောင်းလာဖို့ ဖိတ်ခေါ်ထားတယ်လို့ အီတလီ အခြေစိုက် TuttoJuve ကနေ ဖော်ပြလာပါတယ်။

အယ်လ်နာဆာအသင်းကလည်း တိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒို မာနေး တာလီစကာ အန်ဂျလို ဝက်စ်လေတို့လို ကစားသမားကောင်းတွေ ရှိနေပြီး အော်တာဗီယိုနဲ့ ဘရိုဇိုဗစ်တို့သာ ရှိနေတဲ့ ကွင်းလယ်ပိုင်းအတွက်ကိုတော့ ပေါ့ဘာလို ထိပ်တန်း ကွင်းလယ်လူကိုသာ ခေါ်ယူ ဖြည့်တင်းလိုက်နိုင်မယ်ဆိုရင် အားကောင်းတဲ့ အစုအဖွဲ့တစ်ခု ဖြစ်လာမှာ သေချာပါတယ်။