ပေါ်တူဂီ လက်ရွေးစင် အသင်း နဲ့ ဂျုဗင်တပ် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ သူ့ရဲ့ လှုမှုကွန်ရက် တွစ်တာမှာ အားပေးစာ ရေးသားခဲ့ပြီး သူက အခုလို အလွန် ခက်ခဲတဲ့ အချိန်မှာ စည်းလုံးပြီး တစ်ယောက် နဲ့ တစ်ယောက် အချင်းချင်း ကူညီကြပါလို့ တိုက်တွန်းသွားခဲ့ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ တွစ်တာပေါ်မှာ စာတင်တဲ့ အချိန်မှာ စာတစ်ခုတည်းကိုသာ မတင်ဘဲ သူ့ရဲ့ ပုံကိုလည်း တင်ခဲ့ရာမှာ ပေါ်တူဂီနိုင်ငံ အလံနဲ့ ပြုလုပ်ထားတဲ့ မျက်နှာဖုံးစွပ်ကို စွပ်ပြီး ဓါတ်ပုံရိုက်ထားတဲ့ ပုံကို သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဂျုဗင်တပ်အသင်းဟာ အီတလီ စီးရီးအေ ပြိုင်ပွဲမှာ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ပထမဆုံး ကူးစက်ခံရတဲ့ အသင်း ဖြစ်ပြီး အီတလီ စီးရီးအေ ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လုံခြုံမှု မရှိမချင်း အကန့်အသတ်မရှိ ရပ်နားသွားပြီ ဖြစ်ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အီတလီနိုင်ငံကနေ သူ့ရဲ့ မွေးရပ်မြေ ပေါ်တူဂီနိုင်ငံက မက်ဒီးရာမြို့ကို ပြန်သွားခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့ မွေးရပ်မြေ မက်ဒီးရာမြို့မှာ သူ့ရဲ့ ချစ်သူ ဂျော်ဂျီနာ၊ သူ့ရဲ့ မိသားစု၊ သူ့ရဲ့ မိခင်နဲ့ အတူ သီးသန့် နေထိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: Marca

တွစ်တာမှာ ရော်နယ်ဒိုက “ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးအတွက် အလွန် ခက်ခဲတဲ့ အခုလိုမျိုး အချိန်မှာတော့ ကျွန်တော်တို့ စည်းလုံးပြီး တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း ကူညီကြဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ ကူညီနိုင်သမျှ ကူညီနိုင်လိုက်ကြရအောင်။ မျက်နှာဖုံးစွပ်တွေ မရှိတော့တဲ့ အချိန် ရောက်လာဖို့ ဘယ်တော့မှ အရှုံးမပေးကြပါနဲ့”လို့ ရေးသားသွားခဲ့ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ အေးဂျင့်နဲ့ အတူ ကိုရိုနာ ဗိုင်းရပ် ရောဂါကြီးကို တိုက်ဖျက်နိုင်ဖို့အတွက် အလှူတွေ ပြုလုပ်ခြင်းဖြင့် ကူညီမှုကို ပြသသွားခဲ့ပြီး အခြား ဘောလုံးကစားသမားတွေ နဲ့ အခြား အားကစားသမားတွေလည်း ကပ်ရောဂါ ပျောက်ကင်းဖို့ လှူဒါန်းကူညီခဲ့ကြပါတယ်။