ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လာတာဟာ လစာထိုင်ယူဖို့ မဟုတ်ပဲ ဆုဖလားတွေကို စိန်ခေါ်ဖို့ ဖြစ်ကြောင်းနဲ့ သူ့ကို ဝေဖန်နေတဲ့ လူတွေကို ပါးစပ်ပိတ်အောင် လုပ်ပြဦးမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်း ဝန်းကျင်နဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းရဲ့ အဓိက ဂိုးသွင်းရှင် အဖြစ် ခြေစွမ်းပြထားနိုင်ပါတယ်။

Photo Credit: Sky Sports

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူထားနိုင်ပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရှုံးနိမ့်နေရာ ကနေ အဖိုးတန် ရမှတ်တွေ ရယူထားနိုင်ပါတယ်။

ဒါပေမယ့် ရိုနယ်ဒိုရဲ့ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်သူ တချို့ ရှိနေပြီး အင်္ဂလန်ရဲ့ ဘောလုံးရေးရာ သုံးသပ်သူ တချို့က ရိုနယ်ဒိုရဲ့ လုပ်အားနှုန်း နည်းပါးမှုတွေနဲ့ ခံစစ်ပိုင်းကို မကူညီမှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ပိုင်း ဆိုးဝါးနေတာ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ထားကြပါတယ်။

Photo Credit: Sky Sports

ရိုနယ်ဒိုကတော့ သူ့အပေါ် လုပ်အားနှုန်း နည်းပါးတယ်လို့ ဝေဖန်မှုတွေကို အတ္တလန်တာအသင်းနဲ့ ပွဲစဉ်မှာ ခံစစ်စည်းထဲ အထိ လိုက်ပါပြီး ဘောလုံးဖျက်ထုတ်မှုနဲ့ ချေဖျက်ပြခဲ့သလို လီဗာပူးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သူ့ကို ဝေဖန်နေတဲ့လူတွေ ပါးစပ်ပိတ်အောင် စွမ်းဆောင်ပြဦးမယ်လို့ ကြုံးဝါးခဲ့ပါတယ်။

ရိုနယ်ဒိုက – “ ကျွန်တော် ညဖက်တွေဆို ကောင်းကောင်း အိပ်တယ်။ ပြီးတော့ အမြဲတမ်းလည်း သတိနဲ့ပဲ အိပ်စက်တတ်ပါတယ်။ ကျွန်တော့်ရဲ့ ပုံစံကောင်းကို ပြသနိုင်ဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ပိတ်စရာ ပါးစပ်ပေါက်တွေ ရှိနေသေးလို့ပါ။ ကျွန်တော့်ရဲ့ ဦးတည်ချက်က ဆုဖလားတွေ ရရှိဖို့ပါပဲ” လို့ ပြောကြားခဲ့တာပါ။