ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၀ ဘရန့်ဖို့ဒ် ပွဲစဉ်အပြီးမှာပဲ “ငါ မအိုသေး” လို့ ခပ်ဝင့်ဝင့် ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Express

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ထံ စတင် ရောက်ရှိကာစမှာ ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ပွဲဆက်များလာမှု ၊ အသင်းရဲ့ ခြေစွမ်းပိုင်း ကျဆင်းလာမှုတို့ကြောင့် ၂၀၂၁ခုနှစ် ကုန်ဆုံးခါနီးမှာ အချိန်အတော်ကြာအောင် ဂိုးပေါက် ပျောက်ခဲ့ကာ ဝေဖန်မှုတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ၂၀၂၂ခုနှစ်ထဲ ရောက်ရှိချိန်မှာတော့ ရိုနယ်ဒိုက သူ့ရဲ့ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ သွင်းဂိုး ၉ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ရိုနယ်ဒိုဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ ၊ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်တို့နဲ့ အပြိုင်အဆိုင် ဖြစ်လာခဲ့သလို ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာလည်း ရိုနယ်ဒိုက အသင်းအတွက် သွင်းဂိုး ၁ဂိုးကို ပင်နယ်တီကနေ တဆင့် သွင်းယူနိုင်ခဲ့ပြန်ပါသေးတယ်။

ရိုနယ်ဒိုဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ပင်နယ်တီကနေ တဆင့် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ရုံသာမကပဲ အသင်းရဲ့ တိုက်စစ်ပိုင်းကိုပါ အကောင်းဆုံး ဦးဆောင်ပြနိုင်ခဲ့ပြီး အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ရိုနယ်ဒိုက “ငါ့ရဲ့ ခြေစွမ်းကောင်းတွေက အဆုံးမသတ်သေးဘူးကွ” လို့ အသင်းပိုင် တီဗွီရုပ်သံလိုင်း ကနေ ကြွေးကြော်ခဲ့တာပဲ ဖြစ်ပါတယ်။