ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ၊ လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းတို့မှာ အဓိက ဆုဖလား များစွာကို ရယူခဲ့ဖူးတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ အစ်ကိုဖြစ်သူ အရက်ပြတ်သွားစေဖို့ ချန်ပီယံလိဂ်ဖလား ယူပြမယ် လို့ ကတိ ပေးခဲ့ဖူးကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိ ရပါတယ်။ လက်ရှိမှာ အသက် ၃၅နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ရိုနယ်ဒိုဟာ ကစားသမား ဘဝမှာ အသင်းလိုက် ဆုဖလားတွေ ၊ တစ်ဦးချင်း အောင်မြင်မှုဆုတွေ များစွာကို ရယူနိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ကစားသမားတိုင်း လိုချင်ကြတဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားကို ၅ကြိမ်အထိ ရရှိထားသူ ဖြစ်ပါတယ်။

Photo Credit: Metro

ရိုနယ်ဒိုဟာ ဥရောပရဲ့ အကောင်းဆုံး ဆုဖလားအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ဘောလုံး သုတေသီတွေရဲ့ တညီတညွတ်ထဲ ရှုမြင်ခြင်းကို ခံထားရသူ ဖြစ်ပြီး သူဟာ ချန်ပီယံလိဂ်ဖလားကို ၅ကြိမ်တိုင်တိုင် ရရှိထားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို ၅ကြိမ်တိုင်တိုင် ရရှိခဲ့သူ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ချန်ပီယံလိဂ် ဖလားကို ရရှိအောင် အားကုန် ကြိုးစား အားထုတ်လေ့ရှိသူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ချန်ပီယံလိဂ် ဖလားကို လိုချင်တဲ့ ဆန္ဒတွေဟာ ၂၀၁၄ခုနှစ်ထဲက စတင် အမြစ်တွယ်ခဲ့တာပါ။ ရိုနယ်ဒိုဟာ ၂၀၀၈ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာ ချန်ပီယံလိဂ် ဆုဖလားကို ၂၀၁၄ခုနှစ် အထိ မရရှိခဲ့ပါဘူး။

Photo Credit: Metro

၂၀၁၄ခုနှစ်မှာတော့ ရိုနယ်ဒိုရဲ့ အစ်ကိုဖြစ်သူ ဟူဂိုဟာ အရက်စွဲခဲ့ပြီး နေ့စဉ်နဲ့အမျှ အရက်ကို သောက်ကာ လူမှုရေး ၊ စီးပွားရေးပိုင်းမှာ လုံးဝ အဆင်မပြေတော့ပဲ ဘဝကို အရှုံးပေးရမယ့် အနေအထားအထိ ရောက်ရှိ ခဲ့ပါတယ်။ ရိုနယ်ဒိုတို့ရဲ့ ဖခင်ဖြစ်သူဟာ အရက်စွဲကာ အရက်သမားအဖြစ် သေဆုံးခဲ့ရတာကြောင့် ရိုနယ်ဒိုဟာ သူ့ရဲ့ အစ်ကို အကြီးဆုံးကို ဖခင်ဖြစ်သူလို ဘဝမျိုး မရောက်သွားအောင် တားဆီးဖို့ ကြိုးစားခဲ့ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူနဲ့ အရက်ဖြတ်ဖို့ အလောင်းအစား လုပ်ခဲ့ပါတယ်။ ရိုနယ်ဒိုတို့ရဲ့ အလောင်းအစား ကတော့ ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါက ဟူဂိုဟာ အရက်ဖြတ်ရမယ် ဆိုတာပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်လို့ ပြောရလောက်အောင်ပဲ ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ၂၀၁၄ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး သူ့ရဲ့ အစ်ကို ဟူဂိုဟာလည်း ရိုနယ်ဒိုကို ပေးထားတဲ့ ကတိ အတိုင်း အရက်ဖြတ်ခဲ့ကာ လက်ရှိမှာ ရိုနယ်ဒိုရဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲပေးသူ အဖြစ် လုပ်ကိုင် နေကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း သိရပါတယ်။