ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ ဂျုဗင်တပ်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုက အခုလို မန်ချက်စတာ အိမ်ပြန်ခရီးစဉ်ဟာ သူ့အတွက်တော့ အသင်းဟောင်းဆီ အလည်အပတ် ပြန်လည်ရောက်ရှိလာတာမျိုး မဟုတ်ပဲ ယူနိုက်တက်အသင်းနဲ့ (၃) (၄)နှစ်ခန့်လောက်ကို လက်တွဲသွားဖို့အတွက်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Manchester United Twitter

အသက်(၃၆)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ၂၀၀၃ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျင်လည်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှသာ ရီးယဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတွေဆီ ဆက်လက်ပြောင်းရွှေ့ခဲ့တာဖြစ်သလို အခုလက်ရှိမှာတော့ အသင်းဟောင်း ယူနိုက်တက်ဆီ တကျော့ပြန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ရော်နယ်လ်ဒိုကို (၂)နှစ်စာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအထိ ကျော်လွန်ပြီး အသင်းမှာ ကာလရှည်ကြာစွာ ဆက်လက်ရှိနေနိုင်တယ်လို့ ရော်နယ်လ်ဒိုက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ရော်နယ်လ်ဒိုက “ကျွန်တော် ဒီနေရာကို အလည်အပတ်သဘောနဲ့ ရောက်လာခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော် ဒီဂျာစီကို ဝတ်ဆင်ခဲ့ပြီး အရေးပါလှတဲ့ အောင်မြင်မှုတွေကို အရယူဆောင်နိုင်ခဲ့တယ်။ အခုလည်း ဒီလို အောင်မြင်မှုတွေကို ထပ်မံရယူဖို့အတွက် ဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ ဒါတွေ ဖြစ်လာဖို့အတွက် ကျွန်တော်နဲ့ ကျွန်တော်ရဲ့ အသင်းဖော်တွေအတူတူ စွမ်းဆောင်နိုင်ကြပါလိမ့်မယ်။ ရှေ့ဆက်သွားဖို့ အဆင့်သင့်ပါပဲ။ ဒါက ကျွန်တော့်အတွက်ရော အသင်းပရိသတ်တွေအတွက်ရော တစ်သင်းလုံးအတွက်ပါ ရှေ့ဆက်တတ်ဖို့အတွက် ခြေတစ်လှမ်း အသာယူနိုင်မယ့် အခွင့်အရေးတစ်ခုပါပဲ။ ကျွန်တော်က ဒီအသင်းမှာ နောက်(၃)(၄)နှစ်အတွင်း အရေးပါ အရာရောက်တဲ့ သူတစ်ယောက်အဖြစ် ဆက်ရှိနေဦးမှာပါ” လို့ MUTV နဲ့ အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ မနက်ဖြန် ည(၈)နာရီခွဲအချိန် အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် နယူးကာဆဲလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စတင်ပါဝင်ကစားရဖို့ နီးစပ်လျက်ရှိနေပြီး ယူနိုက်တက်ပရိသတ်တွေသာမက ပရီးမီးယားလိဂ် ပရိသတ်တွေကပါ ရော်နယ်လ်ဒိုရဲ့ Second Debut အတွက် စိတ်လှုပ်ရှားနေကြလျက် ရှိပါတယ်။