အသက်အရွှယ်အရ ကစားသမာဘဝနေဝင်ချိန်ကို ရောက်ရှိနေတယ်ဆိုပေမယ့်လည်း တစ်နှစ်ပြီးတစ်နှစ် စွမ်းဆောင်ရည်တွေတောင် ပိုမိုထူးခြားကောင်းမွန်လာခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း သူရဲ့သွင်းဂိုးတွေများစွာကို မြင်တွေ့ခဲ့ရသလို ဂျုဗင်တပ်စ်အသင်းနဲ့လည်း နှစ်ရာသီဆက်တိုက် အီတလီစီးရီးအေချန်ပီယံဆုကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ကောလဟာလ သတင်းတွေ အနည်းငယ်ထွက်ရှိနေပေမယ့်လည်း ရော်နယ်ဒိုကတော့ ဂျုဗင်တပ်စ်အသင်းနဲ့ပဲ အနည်းဆုံးနောက်ထပ်တစ်ရာသီလောက် ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၃၅)နှစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့(၂)နှစ်ခန့်ကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီ ယူရိုသန်းတစ်ရာနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက အသက်(၃၀)ကျော်နေတဲ့ ကစားသမားတစ်ယောက်အတွက် ယူရိုသန်းတစ်ရာနဲ့ ခေါ်ယူခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းကို ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဝေဖန်မှုတွေ မှားယွင်းနေတယ်ဆိုတာကို ရော်နယ်ဒိုက သက်သေပြခဲ့ပြီး (၂)နှစ်အတွင်း အသင်းရဲ့အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားပေးနိုင်ခဲ့သလို (၂)ရာသီအတွင်းမှာလည်း သူရဲ့စီးရီးအေသွင်းဂိုးက (၅၂)ဂိုးအထိ ရှိခဲ့ပါတယ်။

Photo Credit : AS English

ရည်မှန်းချက်ကြီးမားပြီး ဆုဖလားအောင်မြင်မှုတွေကို ဆာလောင်တဲ့ ကစားသမားမျိုးဖြစ်တဲ့ ရော်နယ်ဒိုအနေနဲ့ အခုနွေစျေးကွက်အတွင်းမှာ ဂျုဗင်တပ်စ်ကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ပီအက်စ်ဂျီတို့လို သူမကျင်လည်ဖူးသေးတဲ့ အမှတ်ပေးလိဂ်တွေက ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းမီဒီယာတချို့ကနေ ခန့်မှန်းဖော်ပြလာခဲ့ကြပေမယ့် ရော်နယ်ဒိုက အသင်းနဲ့ (၃)နှစ်ဆက်တိုက် စီးရီးအေချန်ပီယံ ရယူနိုင်ဖို့ကိုသာ ဆုံးဖြတ်ထားတယ်လို့ ပြန်လည်တုန့်ပြန်လာခဲ့ပါတယ်။ ရော်နယ်ဒိုက “ဂျုဗင်တပ်စ်အသင်းရဲ့ (၉)ရာသီဆက်တိုက် စီးရီးအေချန်ပီယံဖြစ်ခဲ့ရခြင်းမှာ (၂)ရာသီက ကိုယ်တိုင်ဆင်နွဲပြီး ရယူပေးနိုင်ခဲ့တာဖြစ်လို့ အရမ်းကို ပျော်ရွှင်ရပါတယ်။ ကြည့်ရတာက လွယ်ကူနေသယောင် ထင်ကောင်းထင်နိုင်ပေမယ့် လုံးဝမလွယ်ပါဘူး။ တစ်နှစ်ပြီးတစ်နှစ် အရည်အသွေးကောင်းလာမယ်။ ရည်မှန်းချက်တွေ ပြင်းထန်လာမယ်။ အလုပ်လည်း အရမ်းကြိုးစားလာမယ်ဆိုရင်တော့ အရင်ကထက် ပိုကောင်းလာနိုင်သလို ကိုယ်ရဲ့ရည်မှန်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ကဲ ကျွန်တော်ရဲ့တတိယမြောက်ချန်ပီယံဆုကို ထပ်ယူလိုက်ရအောင်” ဆိုပြီး သူရဲ့အင်စတာဂရမ်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။