ပေါ်တူဂီအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသလို ထာဝရအကောင်းဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်ခံထားရတဲ့ အသက်၃၅နှစ်အရွယ် ခရစ္စတီယာနို ရိုနယ်ဒိုဟာ လက်ရှိအချိန်မှာ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှာ ကစားနေပါတယ်။ ဂျူဗင်တပ်အသင်းဆီ မရောက်မီမှာတော့ စီရိုနယ်ဒိုဟာ စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကိုးနှစ်ကြာ ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ရိုနယ်ဒို ကစားခဲ့စဉ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တစ်ခုကို ဒီတစ်ခါမှာ တင်ဆက်ပေးသွားချင်ပါတယ်။ အဲ့ဒါကတော့ ရိုနယ်ဒိုနဲ့ လူငယ် ကစားသမားတစ်ဦးတို့ကြားမှာ ဖြစ်ပျက်ခဲ့တာလေးပါ။

Photo Credit: Marca.com

အဆိုပါကစားသမားလေးကတော့ ဗဟိုခံစစ် ကစားသမား ဟာနန်ဒိုပါ။ ဟာနန်ဒိုဟာ လက်ရှိမှာ စပိန်ကလပ် ရေဆင်းစတန်ဒါအသင်းထံကို အငှားနဲ့ သွားရောက် ကစားနေရသူဖြစ်ပြီး သူဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းကြီးနဲ့အတူ ၂၀၁၇ခုနှစ်ကတည်းက လေ့ကျင့်ခန်း ဆင်းခွင့်ရခဲ့တဲ့အထိ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ရီးရဲလ်မက်ဒရစ်အသင်းကြီးအတွက် ရာသီကြို ခြေစမ်းပွဲတွေမှာရော တကယ့်ပြိုင်ပွဲကြီးတွေမှာပါ ကစားခွင့်မရခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဟာနန်ဒိုဟာ စီနီယာအသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ ကာလအတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ရိုနယ်ဒို ကို ကြမ်းတမ်းစွာ ဖျက်ထုတ်မိခဲ့လို့ပါပဲ။

Photo Credit: Marca.com

ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ သူတို့အသင်းရဲ့ အဓိက ကစားသမားတေ​ွ ဖြစ်ကြတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုကို လေ့ကျင့်ရေးကွင်းမှာ ပြင်းထန်တဲ့ ဖျက်ထုတ်မှုတေ​ွ မလုပ်ကြဖို့ တားမြစ်ထားခဲ့ပြီး ဟာနန်ဒိုကတော့ အဆိုပါ တားမြစ်မှုကို ချိုးဖောက်ခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်တွေအရ ဟာနန်ဒိုရဲ့ ဖျက်ထုတ်မှုဟာ အတော်လေးကို ပြင်းထန်ခဲ့ကြောင်းနဲ့ ရိုနယ်ဒိုဟာ ဟာနန်ဒိုကို ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်ရပ် နောက်ပိုင်းမှာတော့ ဟာနန်ဒိုဟာ လူငယ် အသင်းဆီကို ပြန်ပို့ခံခဲ့ရသလို ရီးရဲလ်မက်ဒရစ် အသင်း တာဝန်ရှိသူတွေရဲ့ သတိပေးမှုတွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဟာနန်ဒို ဟာ ရေဆင်းအသင်းအတွက် ခြေစွမ်းကောင်း တချို့ကို ထုတ်ပြနိုင်ခဲ့ပေမယ့် သူဟာ ရီးရဲလ်မက်ဒရစ်အသင်း စာချုပ်သစ်မချုပ်ဆိုတော့မယ့် လူငယ် ကစားသမားတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်တယ်လို့ သိရှိရပါတယ်။