ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းနဲ့ စတင်တောက်ပလာခဲ့ပြီး ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်တက်အသင်းနဲ့အတူ ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ်ကို တက်လှမ်းလာနိုင်ခဲ့ကာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကစားသမားဘဝ အကောင်းဆုံး အောင်မြင်မှုတွေကို ရခဲ့တဲ့ ပေါ်တူဂီနိုင်ငံသား စီရိုနယ်ဒို ကတော့ သူဟာ အခြားသော ကစားသမားတွေနဲ့ မတူညီတဲ့ ကစားသမားဖြစ်တယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ အသက်၃၅နှစ်အရွယ် စီရိုနယ်ဒိုဟာ လက်ရှိမှာတော့ အီတလီစီးရီးအေရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ် အသင်းမှာ ကစားနေတဲ့သူဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ရာသီရဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကာလရှည် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Standard.com

ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလား ၊ ယူရိုဖလားစတဲ့ ထိပ်တန်းဖလားတွေအပြင် မန်ယူအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း ၊ လက်ရှိ ကစားနေတဲ့ ဂျူဗင်တပ်အသင်းတို့နဲ့ ဆုဖလားပေါင်းများစွာကို ရရှိခဲ့ဖူးတဲ့ ရိုနယ်ဒိုဟာ တစ်ဦးချင်းဆုတံဆိပ် အများအပြားကိုလဲ ရရှိခဲ့ဖူးသူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ငါးကြိမ်တိုင်တိုင် ရအောင် ယူနိုင်ခဲ့သူပါ။ ဒါ့ကြောင့်လဲ ဘောလုံး ကျွမ်းကျင် သူ တွေနဲ့ ဘောလုံးပရိသတ်အများစုက ရိုနယ်ဒိုဟာ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ လက်ခံထားကြပါတယ်။ ဒါပေမယ့် ရိုနယ်ဒို ကတော့ သူဟာ အခြားသော ကစားသမားတွေနဲ့ မတူကွဲပြားတဲ့ ကစားသမားဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

Photo Credit: Standard.com

စီရိုနယ်ဒိုဟာ အသက်၃၃နှစ်မှာ ရီးရဲလ် မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို၁၀၀သန်းနဲ့ ပြောင်းရွှေ့ခဲ့တာကို ထောက်ပြကာ သူဟာ အခြားသော ဘောလုံးသမားတွေနဲ့ မတူညီတဲ့သူဖြစ်တယ်လို့ ဖွင့်ဟပြောဆို လာခဲ့တာပဲ ဖြစ်ပါတယ်။ ရိုနယ်ဒို က ” ကျွန်တော့်ရဲ့ အသက်အရွယ်မှာ ဘယ် ကစားသမားကမှ ပြောင်းရွှေ့ကြေး ယူရို ၁၀၀ သန်းနဲ့ ထိပ်တန်းအသင်းတစ်သင်းကို မပြောင်းရွှေ့နိုင်ပါဘူး။ ကျွန်တော်က တခြားသူတွေနဲ့ ကွဲပြားတဲ့ အားကစားသမားပါ။ တခြားသူတွေနဲ့ မတူတဲ့ လူတစ်ဦးဖြစ်သလို တခြားသူတွေနဲ့ ခြားနားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့်လဲ ကျွန်တော်က အမြင့်ဆုံးဆိုတဲ့ အဆင့်မှာ နှစ်၂၀လောက် ရပ်တည်နေနိုင်တာပေါ့ ” လို့ ပြောဆိုသွားခဲ့တာပါ။