ဂျူဗင်တပ်အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဘိုနူချီကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ရိုနယ်ဒိုဟာ ကြံ့ခိုင်မှု အပြည့်ဝဆုံး အနေအထားမှာ ရှိနေတယ်လို့ စီးရီးအေ ပြိုင်ဘက်အသင်းတွေကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ရိုနယ်ဒို ဟာ အသက်၃၅နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသထားနိုင်သလို လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေပွဲစဉ် ၂၂ပွဲ ပါဝင် ကစားထားရာမှာ ၂၁ဂိုး သွင်းယူထားနိုင်ခဲ့ကာ ၃ဂိုးအထိ ဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ကိုရိုနာဗိုင်းရပ် ပျံ့ပွားမှုကြောင့် စီးရီးအေပွဲစဉ်တွေကို မရပ်နားမီအချိန်မှာ ရိုနယ်ဒို ဟာ အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့့် ဂျူဗင်တပ်အသင်းရဲ့ ပွဲစဉ်တိုင်းမှာ အင်အားပြည့် ပါဝင် ကစားပေးနိုင်ခဲ့ခြင်း မရှိပဲ တချို့ပွဲစဉ်တွေမှာဆိုရင် ရိုနယ်ဒိုတစ်ယောက် ကြံ့ခိုင်မှု ပြည့်ဝ စေဖို့အတွက် ရိုနယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ရတာတွေ ရှိပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားခဲ့တဲ့ အချိန်မှာ ရိုနယ်ဒိုဟာ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အကောင်းဆုံး အနေအထား ပြန်ရောက်အောင် ကြိုးစားခဲ့ကြောင်းနဲ့ ရိုနယ်ဒိုဟာ လက်ကျန် ပွဲစဉ်တွေမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်တော့မှာ ဖြစ်တယ်လို့ ဘိုနူချီက Gazzetta Dello Sportနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ သွားခဲ့ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုရဲ့ ကြံ့ခိုင်မှု အနေအထားနဲ့ ပတ်သတ် ပြီး ဘိုနူချီက ” ရိုနယ်ဒိုရဲ့ ကြံ့ခိုင်မှုကတော့ အံ့မခန်းပါပဲ။ သူဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ပြိုင်ပွဲတွေ မရပ်နားခင်က ခန္ဓာကိုယ်ပုံစံအတိုင်းပဲ ပြန်ရောက်လာခဲ့ပါတယ်။ သူဟာ တကယ်ကို စူပါစတား အားကစားသမားပါပဲ။ ပြီးတော့ ပရော်ဖက်ရှင်နယ် ကစားသမားကောင်းတစ်ဦးပါ။ ကွာရန်တင်းကာလမှာ သူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အကောင်းဆုံး ထိန်းသိမ်းထားတယ် လို့ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ကစားသမားပါ။ ဘယ်လို ရှုထောင့်ကပဲ ကြည့်ကြည့် သူဟာ အရမ်းတော်တဲ့ ချန်ပီယံ တစ်ဦးလည်း ဖြစ်ပါတယ် ” လို့ ဖွင့်ဟ ပြောဆိုသွားကာ ပြိုင်ဘက် စီးရီးအေအသင်းတွေကို သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။