မန်ယူအသင်းရဲ့ ညာနောက်ခံ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပီလီရဲ့ စံချိန်ကို ရိုက်ချိုးပြီး သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ Sky Sports သတင်းမှာ အခိုင်အမာ ပြောကြားသွားပါတယ်။ ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် (၃) ကြိမ်၊ ရီးရဲလ်အသင်းမှာ ကစားခဲ့စဉ်က လာလီဂါ ဆုဖလား (၂) ကြိမ်၊ လက်ရှိ ဂျုဗင်တပ်အသင်းမှာ စီးရီးအေ ဆုဖလား (၁) ကြိမ်၊ ဘလွန်းဒီအော်ဆု (၅) ကြိမ် နဲ့ ချန်ပီယံလိဂ် ဆုဖလားကို (၅) ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

ရော်နယ်ဒိုဟာ ရောက်လေရာ ကလပ်အသင်းတွေမှာ ဆုဖလားတွေကို ရယူနိုင်ခဲ့နိုင်ရုံသာမက လက်ရွေးစင်အသင်းနဲ့လည်း အောင်မြင်မှုတွေ ရရှိထားပြီး ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ သမိုင်း တစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်နေပါတယ်။ ရော်နယ်ဒိုဟာ (၂၀၁၆) ခုနှစ်မှာ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ယူရို ဖလား ရရှိခဲ့တာကြောင့် နဗီးလ်ကတော့ ရော်နယ်ဒိုအနေနဲ့ ပီလီရဲ့ အောင်မြင်မှု စံချိန်ကို ရိုက်ချိုးပြီး ဘောလုံး သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ပါတယ်လို့ ပြောကြားသွားလိုက်ပါတယ်။

Photo Credit: Goal

Sky Sports မှာ နဗီးလ်က “ကမ္ဘာ့ အကောင်းဆုံး ဖြစ်ချင်တဲ့ ရော်နယ်ဒိုရဲ့ စိတ်က ဒီကမ္ဘာရဲ့ အပြင်ဘက်ကို ရောက်နေတယ်။ ရော်နယ်ဒိုက ကျွန်တော် တွဲကစားခဲ့ဖူးတဲ့ ကစားသမား အနည်းထဲက တစ်ဦး ဖြစ်ပြီး သူက တစ်ဦးချင်းဆုက သူ့အတွက် အရေးကြီးတယ်လို့ ပြောလေ့ရှိတယ်။ သူက အကောင်းဆုံး ဖြစ်ချင်ပြီး လွန်ခဲ့တဲ့ နှစ်တွေမှာ သူ လုပ်ခဲ့တာတွေက မယုံနိုင်စရာ ကောင်းပါတယ်။ သူ့ရဲ့ အောင်မြင်မှုက မယုံနိုင်စရာ ကောင်းပြီး သူက ဒီလိုဖြစ်ဖို့ အလွန် ကြိုးစားခဲ့ပါတယ်။ သူက ဂိုးသွင်းဖို့ စိတ်စွဲလမ်းပြီး သူ့ကိုယ်သူ ဂိုးသွင်းဖို့အတွက် အမြဲ ကြိုးစားပါတယ်။ အကြံ့ခိုင်ဆုံး ဖြစ်အောင်နေပါတယ်။ သူက နှစ်တိုင်းမှာ ကစားသမားကောင်း ပီသဖို့ ကြိုးစားနေပါတယ်။ သူက ပီလီရဲ့ စံချိန်ကို ချိုးဖို့ ပြင်ဆင်နေပြီး သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်ချင်နေတယ်။ ဒါက သူ့ရဲ့ ရည်ရွယ်ချက်ပဲ”လို့ ပြောခဲ့ပါတယ်။