ကမ္ဘာကျော် တက္ကသိုလ်တခု ဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ သင်္ချာပါမောက္ခ တဦး ဖြစ်သူ ဒေါက်တာ တွန် ခရောဖော့ဒ်ရဲ့ တွက်ချက်မှုတွေအရ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ကြောင်း သိရပါတယ်။

ခရောဖော့ဒ်ဟာ ယခုတွက်ချက်မှုကို အဓိကအချက် ၇ချက်အပေါ် မူတည်ကာ တွက်ချက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ တွက်ချက်မှုကိုလည်း Livescore websiteမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

Photo Credit: The Sun

ခရောဖော့ဒ်က ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမား ရှာပုံတော်လို့ ခေါင်းစဉ်တပ်ကာ သူ့ရဲ့ တွက်ချက်မှုကို စတင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၂ကြိမ် အနည်းဆုံး ရဖူးတဲ့ ကစားသမားတွေကိုသာ သူ့ရဲ့ တွက်ချက်မှုမှာ ထည့်သွင်းခဲ့ပါတယ်။

အဆိုပါ တွက်ချက်မှုအတွက် ခရောဖော့ဒ် ထည့်သွင်းကာ စဉ်းစားခဲ့တဲ့ အချက်တွေ ကတော့ ကလပ်သွင်းဂိုး ၊ ကလပ်အသင်းနဲ့ ရခဲ့တဲ့ ဆုဖလား ၊ နိုင်ငံတကာသွင်းဂိုး ၊ နိုင်ငံအသင်းနဲ့ ရခဲ့တဲ့ ဆုဖလား ၊ တဦးချင်း ရရှိထားတဲ့ ဆုတံဆိပ်များ ၊ ရွှေဘောလုံးဆုနဲ့ z-factorလို့ ခေါ်တဲ့ ကစားသမားရဲ့ အထူးတလည် စွမ်းဆောင်ထားချက် (ဥပမာ – ရိုနယ်ဒိုက ချန်ပီယံလိဂ် တရာသီထဲမှာ သွင်းဂိုး ၁၇ဂိုး ရရှိခဲ့ခြင်း ၊ မက်ဆီက ပြက္ခဒိန်တနှစ် အတွင်း သွင်းဂိုး ၉၅ဂိုး သွင်းယူနိုင်ခဲ့ခြင်း) တို့ပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ခရောဖော့ဒ်ရဲ့ တွက်ချက်မှုတွေအရ ထိပ်ဆုံးကို ရောက်ရှိခဲ့တဲ့ ကစားသမား နှစ်ဦးဟာ ရွှေဘောလုံးဆုကို အကြိမ်ရေ အများဆုံး ရရှိထားတဲ့ လီယွန်နယ် မက်ဆီနဲ့ ရိုနယ်ဒိုတို့ ဖြစ်ကြပြီး မက်ဆီဟာ ရိုနယ်ဒိုထက် ရွှေဘောလုံးဆု ပိုမို ရရှိခဲ့ပေမယ့် သွင်းဂိုးအရေအတွက် ၊ ကစားသမားရဲ့ အထူးတလည် စွမ်းဆောင်ချက်တို့မှာ ရိုနယ်ဒိုထက် နိမ့်ပါးခဲ့တာကြောင့် အဆင့်၂နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ရိုနယ်ဒိုဟာ အမြင့်ဆုံး ရနိုင်တဲ့ ရမှတ် ၇၀၀ထဲကနေ ရမှတ် ၅၃၇မှတ်အထိ ရရှိကာ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရပြီး မက်ဆီကတော့ ရမှတ် ၅၀၃မှတ်သာ ရခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ အနောက်မှာတော့ ပီလီ ၊ ပွတ်ရှ်ကပ် ၊ ရော်နယ်ဒို ၊ ဗန်ဘက်စတန် ၊ ဒီစတီဖာနို ၊ ပလာတီနီ ၊ မာရာဒိုနဲ့ ခရိုက်ဖ်တို့ ရှိနေခဲ့ပါတယ်။