ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ကာတာတို့ရဲ့ ပွဲမှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးသမိုင်း တလျှောက် နိုင်ငံအသင်း အများဆုံးကို ဂိုးသွင်းနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ပေါ်တူဂီအသင်းက ကာတာအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်း အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၇မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာပါ။

Photo Credit: Ruetir

အဆိုပါသွင်းဂိုးဟာ ရိုနယ်ဒိုရဲ့ ကစားသမားဘဝ ၁၁၂ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုး ဖြစ်ခဲ့သလို ကာတာအသင်းကလည်း ရိုနယ်ဒိုရဲ့ ကစားသမားဘဝ ဂိုးသွင်းနိုင်ခဲ့တဲ့ ၄၆သင်းမြောက် နိုင်ငံလက်ရွေးစင်အသင်း ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်ပဲ ရိုနယ်ဒိုဟာ ဘောလုံးသမိုင်း တလျှောက် မတူညီတဲ့ နိုင်ငံအသင်း အများဆုံးကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမား တဦး အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နောက်ထပ် ကစားသမား တဦးဟာ ရိုနယ်ဒိုရဲ့ စံချိန်ကို ချိုးဖြတ်နိုင်ဖို့ မလွယ်ကူကြောင်း ဘောလုံးကျွမ်းကျင်သူတွေက တညီတညွတ်ထဲ ပြောကြားထားပါတယ်။

Photo Credit: Ruetir

ရိုနယ်ဒိုဟာ လာမယ့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ အသက် ၃၇နှစ် ပြည့်မှာ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း သက်သေပြထားနိုင်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ စုစုပေါင်း ၉ပွဲ ကစားထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူထားနိုင်တဲ့ ဂိုးသွင်းစက် တလုံးပဲ ဖြစ်ပါတယ်။

ရိုနယ်ဒိုရဲ့ သွင်းဂိုးတွေ ဘယ်အချိန်ကျမှ ရပ်တန့်မှာလဲ….?