MySport Myanmar

ကတ်စ်မဲရိုး ရောက်လာတာကြောင့် မန်ယူမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တဲ့ ရိုနယ်ဒို

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ကတ်စ်မဲရိုး တယောက် မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိလာတာကြောင့် မန်ချက်စတာ ယူနိုက်တက်မှာပဲ တရာသီ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး ပေါ်တူဂီ သတင်းထောက် အယ်မိုင်ဒါက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ ကစားချင်နေကာ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်က သူ့အတွက် အသင်းသစ် ရှာဖွေပေးနေပါတယ်။

Photo Credit: Football 365

ဒါပေမယ့် ရိုနယ်ဒိုဟာ အသက်အရွယ်အရ ကစားသမား ဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသလို သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာကြောင့် ဥရောပ အသင်းကြီး အများစုက ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြပဲ ရိုနယ်ဒိုအနေနဲ့ မဖြစ်မနေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်ရင် ဥရောပ အသင်းကြီးတွေထက် ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ အသင်းလတ်တွေဆီသာ ပြောင်းရွှေ့ ကစားရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ရိုနယ်ဒိုအနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာပြီး အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ မလွယ်ကူတော့ပဲ ပေါ်တူဂီ နာမည်ကြီး သတင်းထောက် အယ်မိုင်ဒါရဲ့ ဖော်ပြချက်အရ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်က ကတ်စ်မဲရိုးကို ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုကို အားရ ကျေနပ်မှု ရှိတာကြောင့် အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ သူ့ရဲ့ အနာဂတ်ကို ပြန်လည် သုံးသပ်သွားမယ်လို့ သိရပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်လက် မြင်တွေ့လိုနေပြီး အကယ်၍ ရိုနယ်ဒိုကို လက်လွှတ်လိုက်ရမယ် ဆိုရင် တိုက်စစ်ပိုင်း အတွက် ကစားသမားသစ် ၂ဦး အထိ ခေါ်ယူဖို့ လျာထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုထားပါတယ်။

Exit mobile version