အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပါးမားအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပေးခဲ့ပြီး နောက်မှာတော့ စီးရီးအေ ပြိုင်ပွဲမှာ နှစ်ပေါင်း ၅၉နှစ် အတွင်း ဘယ်ကစားသမားမှ မရဖူးတဲ့ ဂိုးသွင်းစံချိန်ကောင်း တစ်ခုကို ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၃၅နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းက ပါးမားအသင်းကို အဝေးကွင်းမှာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုး ၂ဂိုးကြောင့် စီးရီးအေ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းရဲ့ ထိပ်ဆုံး နေရာကို တက်လှမ်း နိုင်ခဲ့ပါတယ်။

Photo Credit: Tutto Sports

ပါးမားအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အန်နီယို တာဒီနီ ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ဧည့်သည် ဂျူဗင်တပ် အသင်းဟာ ပွဲစဉ်တစ်လျှောက်လုံး ပါးမားအသင်းဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ဂျူဗင်တပ် အသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၂၃မိနစ်မှာ ကူလက်ဗ်ဆက်စကီး ၊ ပွဲကစားချိန် ၂၆မိနစ်နဲ့ ၄၈မိနစ်တို့မှာ ရိုနယ်ဒိုနဲ့ ပွဲကစားချိန် ၈၆မိနစ်မှာ မိုရာတာတို့က အသီးသီး သွင်းယူ ပေးခဲ့ကြပါတယ်။ ပါးမားအသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး ရရှိပြီးတဲ့ နောက်မှာ ရိုနယ်ဒိုဟာ ယခု ၂၀၂၀ခုနှစ် အတွင်း စီးရီးအေ သွင်းဂိုး ၃၃ဂိုးအထိ ရရှိခဲ့ပြီး အဆိုပါ ပမာဏဟာ နောက်ဆုံး ၅၉နှစ် အတွင်းမှာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ကစားသမား တစ်ဦးက သွင်းယူနိုင်တဲ့ အမြင့်မားဆုံး ဂိုးသွင်းစံချိန်လည်း ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Tutto Sports

ဒါ့အပြင် ရိုနယ်ဒိုဟာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း စီးရီးအေ သွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့ ကစားသမား စာရင်းမှာလည်း တတိယနေရာမှာ ဂျူဗင်တပ် တိုက်စစ်မှူးဟောင်း ဆီဗိုရီနဲ့ ပူးတွဲ ရပ်တည် နေနိုင်ခဲ့ကြောင်း မှတ်တမ်းတွေ အရ သိရှိရပါတယ်။ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း စီးရီးအေ သွင်းဂိုး အများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ကတော့ ဘိုရယ်(၄၁ဂိုး) ဖြစ်ပြီး ဒုတိယနေရာမှာ ရှိနေသူ ကတော့ နော်ဒါဟယ်(၃၆ဂိုး)ပဲ ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်အတွင်း သွင်းယူခဲ့တဲ့ ရိုနယ်ဒိုရဲ့ စီးရီးအေ သွင်းဂိုး ၃၃ဂိုးကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ် ဆိုရင်တော့ ရိုနယ်ဒိုဟာ အဆိုပါ သွင်းဂိုး ၃၃ဂိုး အနက် ၂၇ဂိုးကို ညာခြေနဲ့ သွင်းယူခဲ့ကာ ၄ဂိုးကို ဘယ်ခြေနဲ့ သွင်းယူခဲ့ပြီး ၂ဂိုးကိုတော့ ခေါင်းတိုက်ကာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။