ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ် ၂-၄ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ခြင်း မရှိပေမယ့် စံချိန်ကောင်း တခုကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရိုနယ်ဒိုဟာ အဆိုပါပွဲစဉ်မှာ ပုံမှန်ခြေစွမ်းသာ ပြသနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာ တူညီတဲ့ ပြိုင်ဘက်အသင်း တသင်းကို နှစ်ပေါင်းများစွာ ကြာမှ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ကစားသမား ဆိုတဲ့ မှတ်တမ်းကောင်း တရပ်ကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Record

ရိုနယ်ဒိုက လိဒ်ယူနိုက်တက်ကို သူတို့ရဲ့ အိမ်ကွင်း အယ်လန်ရုတ်ဒ်မှာ လွန်ခဲ့တဲ့ ၁၈နှစ် ၊ ၁၂၅ရက် အကြာတုန်းက တကြိမ် ရင်ဆိုင် ကစားခဲ့ဖူးပြီး ယခုတကြိမ်ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ လိဒ်ယူနိုက်တက်ကို ဒုတိယအကြိမ်မြောက် ပြန်လည် ရင်ဆိုင်ခဲ့ရတာပါ။

ဒါကြောင့်ပဲ ရိုနယ်ဒိုက တူညီတဲ့ ပြိုင်ဘက်အသင်း တသင်းကို နှစ်ပေါင်းများစွာ ကြာမှ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ကစားသမား ဆိုတဲ့ စံချိန်မှတ်တမ်းကို ၁၈နှစ် ၊ ၁၂၅ရက်နဲ့ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုရဲ့ လိဒ်ယူနိုက်တက်နဲ့ ပထမဦးဆုံး တွေ့ဆုံတဲ့ ပွဲစဉ်မှာတော့ သူ့ရဲ့ကလပ် မန်ချက်စတာ ယူနိုက်တက်ဟာ လိဒ်ယူနိုက်တက်ကို အသင်းခေါင်းဆောင် ရိုင်ကိန်းရဲ့ တလုံးထဲသော ခေါင်းတိုက်ဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Record

ယမန်နေ့ညမှာလည်း ရိုနယ်ဒို ပါဝင်တဲ့ မန်ချက်စတာ ယူနိုက်တက်က လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ရိုနယ်ဒိုဟာ လိဒ်ယူနိုက်တက်နဲ့ ၂ပွဲကစား ၂ပွဲနိုင် ဆိုတဲ့ မှတ်တမ်းကောင်း တရပ်ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။